Reddit မှာ တွေ့ခဲ့တဲ့ သတင်းတစ်ခုက အခုဆိုရင် အင်တာနက်တစ်ခွင် Viral ဖြစ်နေပြီး လိုက်လုပ်နေတဲ့သူတွေတောင် ရှိလာပါပီ။

သတင်းက ဒီလိုပါ။ ဆန်ဖရန်စစ္စကိုမှာရှိတဲ့ Start up founder တစ်ဦးက တူမလေးရဲ့ ၁ နှစ်ပြည့်မွေးနေ့မှာ အများစုပေးနေကြဖြစ်တဲ့ ကလေးကစားစရာပစ္စည်းတွေ အရုပ်တွေ အဝတ်အစားနဲ့ ဖိနပ်တွေကို ဝယ်ပေးခဲ့တာမဟုတ်ဘဲ Nvidia ရှယ်ယာတွေ ဝယ်ပေးခဲ့တာပါ။

ကလေးတွေအတွက် လက်ဆောင်ပစ္စည်းတွေက အမှတ်တရဖြစ်စေပေမဲ့လည်း လအနည်းငယ်အတွင်း ပျက်စီးသွားတာတွေ မေ့မေ့ပျောက်ပျောက်ရှိသွားတာတွေ ဖြစ်တတ်တာကြောင့် ကလေးရဲ့ အနာဂတ်ကို Investment လုပ်ပေးတဲ့ သဘောအနေနဲ့ Nvidia ကနေ ရှယ်ယာ ၅ ခု ဝယ်ပေးဖို့ တွေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တခြားကုမ္ပဏီတွေမှ မဟုတ်ဘဲ ဘာလို့ Nvidia ဖြစ်နေရတာလဲဆိုတာကလည်း ရှင်းပါတယ်။ ဝန်ထမ်းတွေကိုတောင် မီလီယံနာတွေဖြစ်စေတဲ့ Nvidia ရဲ့ ‌ရှယ်ယာဈေးနှုန်းက နှစ်အနည်းငယ်အတွင်းမှာတောင် တရှိန်ထိုးမြှင့်တက်လာတာ အားလုံးကို အံ့ဩစေခဲံရတာပါ။ ဒါကြောင့်လည်း လက်ရှိပိုင်ဆိုင်မှုက ရှယ်ယာ ၅ ခုသာဆိုပေမဲ့ နောက် ၅ နှစ်အတွင်းမှာတောင် တိုးပွားလာမယ့်ပမာဏက မှန်းလို့မရနိုင်ပါဘူး။

ရှယ်ယာလက်ဆောင်ပေးတဲ့သတင်းက ပိုစ့်တင်ပြီးနောက်ပိုင်း အတော်လေးကို ဟော့ဖြစ်ခဲ့ပြီး Nvidia ရှယ်ယာတွေကို မိဘတွေကို လက်ဆောင်ပေးတာ၊ သားသမီးတွေကို လက်ဆောင်ပေးတာမျိုးတွေ လုပ်ခဲ့ကြပြီး အတော်လေးကို စဉ်းစားဉာဏ်ရှိတဲ့ လက်ဆောင်ပေးနည်းတစ်မျိုးဖြစ်တယ်၊ နောက်မျိုးဆက်ရဲ့ အောင်မြင်မှုကို ရင်းနှီးမြုပ်နှံတဲ့ လက်ဆောင်တစ်မျိုးလည်း ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။