၁ ရက်အတွင်း ၃ ကြိမ်ပြတ်တောက်မှုဖြစ်ခဲ့တဲ့ X (Twitter)

Tesla ရောင်းအားကျဆင်းတာကိုတောင် မနည်းကြိုးစားနေရတဲ့ Musk တစ်ယောက် မနေ့ကပဲ X platform က Cyberattack ဖြစ်ပြီး ပြတ်တောက်မှုတွေရှိခဲ့ပါတယ်။ ထူးထူးခြားခြားလို့ပဲ ပြောရမလား တစ်ရက်တည်းမှာတင် ၃ ကြိမ်တိုက်ခိုက်ခံရပြီး ပြတ်တောက်ခဲ့တာပါ။ 

မတ်လ ၁၀ ရက်မနက်ပိုင်းမှာ X  မှာ ပို့စ်တင်တာတွေ Download လုပ်တာတွေ Loding loop တွေ ဖြစ်ခဲ့တာပါ။ ခဏအကြာမှာ ပြန်ရခဲ့တယ်ဆိုပေမဲ့ နေ့လည် ၁ နာရီခွဲအချိန်မှာလည်း အလားတူပုံစံမျိုးထပ်ဖြစ်ခဲ့ပါသေးတယ်။ 

“ X ကို မကြာသေးခင်က ကြီးမားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ရှိခဲ့ပါတယ် (လက်ရှိမှာလည်း ရှိနေဆဲပါ)။ ကျွန်တော်တို့ကို နေ့တိုင်းတိုက်ခိုက်မှုတွေ ရှိနေပေမဲ့ ဒီတစ်ခုကတော့ အရင်းအမြစ်တွေ အများကြီးနဲ့ လုပ်ဆောင်ခဲ့တာပါ။ ဒါဟာ အကြီးစားညှိနှိုင်းလုပ်ဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံက ပါဝင်နေတာဖြစ်နိုင်ပါတယ်။ လက်ရှိတော့ လမ်းကြောင်းရှာဖွေနေပါတယ် …” လို့ Musk က သူ့ရဲ့ X account မှာ တင်ခဲ့ပါတယ်။ 

နောက်ပြီး အင်တာဗျူးတစ်ခုမှာတော့ “ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် X စနစ်ကို ချပစ်ဖို့ ကြိုးစားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုကြီး တစ်ခုရှိခဲ့ပြီး ယူကရိန်းဒေသက လာတဲ့ IP လိပ်စာတွေ ပါဝင်နေပါတယ်" လို့ Musk က ပြောကြားခဲ့တာပါ။