FA ဖလားဗိုလ်လုပွဲ

ခရစ္စတယ်ပဲလေ့စ်(၁-၀)မန်စီးတီး

လန်ဒန်အခြေစိုက် ခရစ္စတယ်ပဲလေ့စ်အသင်းက အင်္ဂလန်အဆင့်အမြင့်ဆုံးအတန်းဖြစ်တဲ့ ပရီးမီးယားလိဂ်(အရင်အင်္ဂလန်ပထမတန်း)မှာ ချန်ပီယံတစ်ကြိမ်မှ မဖြစ်ဖူးသလို ဖလားပြိုင်ပွဲတွေမှာလည်း တစ်ကြိမ်တစ်ခါမှ ဗိုလ်မစွဲဖူးသေးတဲ့အသင်းပါ။

ဒီရာသီမှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းက အသင်းသက်တမ်း(၁၁၉)နှစ်အတွင်း အမြင့်ဆုံးအောင်မြင်မှုဖြစ်တဲ့ FA ဖလားကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ ရေပန်းစားနေတဲ့ မန်စီးတီးအသင်းကို အကောင်းဆုံးခံစစ်ကစားပုံနဲ့ တုံ့ပြန်ခဲ့ပြီး တစ်လုံးတည်းသောဂိုးနဲ့အနိုင်ယူခဲ့တာပါ။ ပွဲအစကတည်းက ဂိုးရဖို့ စိတ်စောပြီး တစ်ဖက်သတ်ဖိကစားနေတဲ့ မန်စီးတီးအသင်းကို Counter Attack ကနေ အုံလိုက်ကျင်းလိုက် ပြန်တက်လာတဲ့ ခရစ္စတယ်ပဲလေ့စ်ကစားသမားအုပ်စုက သင်ခန်းစာကောင်းကောင်းပေးပြီး အနိုင်ဂိုးသွင်းယူခဲ့တာပါ။

ပွဲချိန်(၁၆)မိနစ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ Counter Attack ကနေ မူနော့ဇ်က ညာတောင်ပံက ချိုးပေးပြီး အီဇီက ပြေးပြေးကန်ကန် သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲချိန်(၃၆)မိနစ်မှာ မန်စီးတီးအသင်းရတဲ့ ပယ်နယ်တီကို မာမွတ်ကန်သွင်းခဲ့ရာမှာ ခရစ္စတယ်ပဲလေ့စ်ဂိုးသမား ဒင်းန်ဟန်ဒါဆန်က ကာကွယ်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ မန်စီးတီးအသင်းသွင်းယူတဲ့ အပိုင်ကန်သွင်းချက်များစွာကို ဒင်းန်ဟန်ဒါဆန်က လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး ဒီဗိုလ်လုပွဲရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

မန်စီးတီးအသင်းက တစ်ပွဲလုံးခရစ္စတယ်ပဲလေ့စ်အသင်းဘက်ကို တိုက်စစ်ဆင်ရင်း ဂိုးမရဘဲ ပွဲပြီးခဲ့သလို၊ ဂိုးကန်သွင်းမှု(၂၃)ကြိမ်က ပိတ်ဆို့ခံရတာ၊ ဂိုးသမားပုတ်ထုတ်တာတွေနဲ့ အရာမရောက်ဖြစ်ခဲ့ရပါတယ်။

FA ဖလားကို (၇)ကြိမ်ဆွတ်ခူးခဲ့ဖူးပြီး (၃)ကြိမ်ဆက် ဗိုလ်လုပွဲတက်ခဲ့တဲ့ မန်စီးတီးအသင်းအနေနဲ့ နောက်ဆုံးဗိုလ်လုပွဲ(၂)ခုမှာ (၂)ကြိမ်ဆက် ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ FA ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဒီဆုကို ရယူဆွတ်ခူးဖူးတဲ့ (၄၅)သင်းမြောက်အသင်းဖြစ်လာခဲ့ပါတယ်။