၂၀၂၅ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမား ဒမ်ဘီလီ

ပြင်သစ်ကလပ် PSG အသင်းရဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမားဒမ်ဘီလီဟာ ဒီနှစ်အတွင်း PSG အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု(၃၀)ဂိုးအထိရှိနေပြီး ဒါက ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုက ဘယ်ကစားသမားထက်မဆို ပိုများတဲ့အရေအတွက်ဖြစ်ကြောင်း သိရပါတယ်။

ဒီတစ်ရာသီလုံးမှာဆိုရင် ဒမ်ဘီလီဟာ ပြိုင်ပွဲစုံပွဲ (၄၅)ပွဲကစားထားပြီး ဂိုးပါဝင်ပတ်သက်မှု(၄၅)ဂိုး(၃၃ ဂိုးသွင်း+၁၂ ဂိုးဖန်တီး)ရှိနေလို့ သူ့ရဲ့ ဒီရာသီဂိုးပါဝင်ပတ်သက်မှုက တစ်ပွဲပျမ်းမျှတစ်ဂိုးနှုန်းရှိနေပါတယ်။

ဒမ်ဘီလီအနေနဲ့ ပထမရာသီဝက်ကာလ(၂၀၂၄ ခုနှစ်အတွင်း)မှာ ဂိုးပါဝင်ပတ်သက်မှု(၁၅)ကြိမ်သာရှိခဲ့ပေမယ့် ဒုတိယရာသီဝက်(၂၀၂၅ ခုနှစ်အတွင်း)မှာတော့ ဂိုးပါဝင်ပတ်သက်မှု(၃၀)ဂိုးအထိရှိနေတာဖြစ်ပါတယ်။

ဒီရာသီ ပြိုင်ပွဲစုံဂိုးပါဝင်ပတ်သက်မှု (၄၅)ဂိုးထဲမှာ ဒမ်ဘီလီရဲ့ ဒီရာသီချန်ပီယံလိဂ်ဂိုးပါဝင်ပတ်သက်မှုက (၁၁)ဂိုး(၈ ဂိုးသွင်း+ ၃ ဂိုးဖန်တီး)အထိရှိနေပါတယ်။

မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့) အာဆင်နယ်(၀-၁)PSG ပွဲမှာ PSG အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် ဒမ်ဘီလီရဲ့ ဒီရာသီချန်ပီယံလိဂ်ဂိုးပါဝင်ပတ်သက်မှုက (၁၁)ဂိုးအထိ ရောက်ရှိလာခဲ့တာဖြစ်ပြီး အရင်က PSG အသင်းမှာ တစ်ရာသီအတွင်း ချန်ပီယံလိဂ်ဂိုးပါဝင်ပတ်သက်မှု အများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တဲ့ တိုက်စစ်မှူးဟောင်းဘာပေရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။

ဘာပေက ၂၀၂၀-၂၁ ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ PSG အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု(၁၁)ဂိုး(၈ ဂိုးသွင်း+ ၃ ဂိုးဖန်တီး)နဲ့ စံချိန်တင်ထားခဲ့ပြီး အခုရာသီမှာ ဒမ်ဘီလီက ဆီမီးဖိုင်နယ်(ပထမအကျော့)မှာပဲ ဒီစံချိန်ကို လိုက်မီခဲ့တာဖြစ်လို့ ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။