ဘာစီလိုနာအသင်းဟာ ၂၀၂၅ ခုနှစ်အတွင်း ကစားခဲ့တဲ့ပြိုင်ပွဲစုံ(၂၃)ပွဲမှာ ရှုံးပွဲလုံး၀မရှိသေးဘဲ (၁၉)ပွဲအနိုင်၊ (၄)ပွဲသရေရလဒ်နဲ့ မယိုင်မလဲ ဆက်လက်ချီတက်နေပါတယ်။
ဂျာမန်လူမျိုးနည်းပြဟန်ဆီဖလစ်လက်ထက်မှာ တာထွက်ကောင်းခဲ့ပြီး ရာသီအလယ်မှာ ရလဒ်တွေယိုင်နဲ့ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ရာသီဝက်ကာလအကျော် ၂၀၂၅ ခုနှစ်အတွင်းမှာတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်ချီတက်နေပြီး ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းလက်ထဲက လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို လွှဲပြောင်းရယူဖို့ အခြေအနေကောင်းနေပါတယ်။
ဒီရာသီမှာ စပိန်စူပါဖလားဆွတ်ခူးရရှိထားတဲ့ ဘာစီလိုနာအသင်းအနေနဲ့ လာလီဂါမှာ လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်ကို လက်ကျန်ပွဲ(၈)ပွဲကစားဖို့ ကျန်နေချိန်မှာ ရမှတ်(၄)မှတ်ဖြတ်ဦးဆောင်နေပါတယ်။

ဘာစီလိုနာအသင်းဟာ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်နေပြီး ဒီဧပြီလ(၂၆)ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ El Clasicoဗိုလ်လုပွဲကစားရမှာဖြစ်ပါတယ်။
ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်တက်ဖို့ သေချာနေပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတာကြောင့် ဒီရာသီမှာ ဖလား(၄)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မလားဆိုတာကို ဆက်ကြည့်ရမှာပါ။

ဘာစီလိုနာအသင်းဟာ ဟန်ဆီဖလစ်ကိုင်တွယ်နေတဲ့ ဒီရာသီချန်ပီယံလိဂ်ပွဲစဉ်(၁၁)ပွဲမှာ(၃၆)ဂိုးအထိသွင်းယူထားပြီး တစ်ပွဲပျမ်းမျှဂိုးသွင်းနှုန်းက (၃.၆)ဂိုးအထိရှိနေပါတယ်။
ဒါကြောင့် ဟန်ဆီဖလစ်ဟာ ချန်ပီယံလိဂ်သမိုင်းမှာ တစ်ပွဲပျမ်းမျှဂိုးသွင်းနှုန်းအများဆုံးရယူထားနိုင်တဲ့နည်းပြအဖြစ်လည်းမှတ်တမ်းဝင်နေပါတယ်။

ဘာစီလိုနာအသင်းကို ပထမဆုံးကိုင်တွယ်တဲ့ရာသီမှာ ငွေကြေးအခက်အခဲတွေကြားထဲကနေ လူငယ်ကစားသမားတစ်စုနဲ့ ရလဒ်ကောင်းတွေရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဟန်ဆီဖလစ်အနေနဲ့ အောင်မြင်မှု ဘယ်လောက်အထိ ရယူပေးနိုင်မလဲဆိုတာကိုတော့ ပရိသတ်တွေ ဆက်လက်စောင့်ကြည့်ရမှာပါ။
Discussion