ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလကို (၂)ပိုင်းခွဲပြီး ကစားသမားသစ်တွေ ခေါ်ယူရမှာဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်တဲ့ပရီးမီးယားလိဂ်ရှယ်ယာရှင်များအစည်အဝေးမှာ လာမယ့် ၂၀၂၅ နွေရာသီအပြောင်းအရွှေ့ကာလကို ဇွန်(၁)ကနေ ဇွန်(၁၀)အထိ တစ်ကြိမ်၊ ဇွန်(၁၆)ကနေ စက်တင်ဘာ(၁)ရက်နေ့အထိ တစ်ကြိမ် (၂)ကြိမ်ထားရှိဖို့ သဘောတူခဲ့ကြတာပါ။ ဒီလို နွေရာသီအပြောင်းအရွှေ့ကာလကို (၂)ပိုင်းခွဲရတဲ့ အဓိကအကြောင်းအရင်းက လာမယ့် ၂၀၂၅ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဝင်ပြိုင်မယ့် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ ကစားသမားသစ်တွေခေါ်ယူပြီး မှတ်ပုံတင်နိုင်အောင်ဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၅ ဇွန်(၁၄)ရက်နေ့မှာစတင်ပြီး ဇူလိုင်(၁၃)ရက်နေ့အထိ ကျင်းပမယ့် ၂၀၂၅ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ ကစားသမားတွေမှတ်ပုံတင်ခြင်းကို ဇွန်(၁)ရက်နေ့ကနေ (၁၀)ရက်နေ့အထိတစ်ကြိမ်၊ ရှုံးထွက်အဆင့်ပွဲတွေမတိုင်မီ ဇွန်(၂၇)ရက်နေ့ကနေ ဇူလိုင်(၃)ရက်နေ့အထိ တစ်ကြိမ်ပြုလုပ်ရမှာပါ။ ဒါကြောင့် ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ ကစားသမားသစ်တွေ မှတ်ပုံတင်ရာမှာ အဆင်ပြေစေဖို့ အခုလို အပြောင်းအရွှေ့ကာလကို (၂)ပိုင်းခွဲရခြင်းဖြစ်ပြီး အပြောင်းအရွှေ့ကာလပိတ်ရက်ကိုတော့ ရှေ့မတိုးဘဲ အရင်လိုပဲ ထားရှိမှာဖြစ်ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းတချို့က ရာသီသစ်မစတင်မီ ဩဂုတ်လ ပထမအပတ်မှာ နွေရာသီအပြောင်းအရွှေ့ကာလကို ပိတ်သိမ်းစေချင်ကြတာဖြစ်ပါတယ်။ ရာသီသစ်စတင်ချိန်မှာ ကစားသမားတွေ စိတ်အာရုံမထွေပြားစေဖို့ ဒီလိုအဆိုပြုခဲ့ကြတာဖြစ်ပေမယ့် ဒီအဆိုပြုချက်ကိုတော့ အခုအချိန်မှာ မကျင့်သုံးသေးဘဲ အပြောင်းအရွှေ့ပိတ်ရက်ကို အရင်အတိုင်းထားရှိဖို့သာ ဆုံးဖြတ်ခဲ့ကြပါတယ်။
Discussion