၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအကြောင်း သိကောင်းစရာ အချက်အလက်များ

၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအကြောင်း သိကောင်းစရာ အချက်အလက်များ

၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံမှာ ဒီနေ့ (ဇွန် ၁၄ ရက်) စတင်ကျင်းပတော့မှာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ကလပ်အသင်း(၃၂)သင်းပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ လက်ရှိအမေရိကန်နိုင်ငံမှာဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းတွေရဲ့ ခြိမ်းခြောက်မှုအောက်မှာ ကစားရမယ့်ပြိုင်ပွဲဖြစ်တာကြောင့် လုံခြုံရေးအတွက် စိုးရိမ်စရာရှိနေပြီး ဇူလိုင်(၁၃)ရက်နေ့အထိ ချောချောမွေ့မွေ့ကျင်းပနိုင်ပါ့မလားဆိုတာလည်း စောင့်ကြည့်ရမှာပါ။

ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး သိကောင်းစရာအချက်တွေကို တစ်စေ့တစ်စောင်းဖော်ပြပေးသွားပါမယ်။

ဝေဖန်မှုတွေကြားက ပြိုင်ပွဲ

ဘောလုံးရာသီတစ်ရာသီအတွင်းမှာ ဘောလုံးပွဲတွေများလာတာနဲ့အမျှ ကစားသမားတွေအတွက် ဒဏ်ရာပြဿနာတွေ၊ မောပန်းနွမ်းနယ်မှုတွေရှိနေတာကြောင့် ရာသီကုန်ချိန်မှာ ကြီးမားကျယ်ပြန့်တဲ့ပြိုင်ပွဲကြီးအဖြစ် ကျင်းပတဲ့ဒီပြိုင်ပွဲအပေါ်ဝေဖန်မှုတွေရှိနေပြီး ကစားသမားတွေကို ကိုယ်စားပြုတဲ့ FIFPRO နဲ့ the World Leagues Forum လို အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန်ရှုတ်ချထားပါတယ်။

အိမ်ရှင်တရုတ်ကနေ အမေရိကန်ကိုရောက်လာ

ပထမဆုံအကြိမ်အဖြစ် ပုံစံသစ်နဲ့ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို မူလက တရုတ်နိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်းကျင်းပဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးစတင်ပြန့်ပွားလာရာကနေ ဒီပြိုင်ပွဲကို ကျင်းပဖို့ ရွှေ့ဆိုင်းခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ အိမ်ရှင်အဖြစ် အမေရိကန်က လက်ခံကျင်းပဖို့ ဖီဖာက ပြန်လည်ဆုံးဖြတ်ခဲ့တာပါ။

တိုက်ကြီးများအလိုက်ပြိုင်ပွဲဝင်ခွင့်ခွဲတမ်း

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရောပကိုယ်စားပြုအသင်း(၁၂)သင်း၊ အာရှကိုယ်စားပြုအသင်း(၄)သင်း၊ အာဖရိကကိုယ်စားပြုအသင်း(၄)သင်း၊ ကွန်ကာကပ်ဖ်ကိုယ်စားပြုအသင်း(၄)သင်း၊ တောင်အမေရိကကိုယ်စားပြုအသင်း(၆)သင်း၊ သမုဒ္ဒရာပိုင်းကိုယ်စားပြုအသင်း(၁)သင်း၊ အိမ်ရှင်အသင်း(၁)သင်း စုစုပေါင်း(၃၂)သင်း ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အုပ်စုခွဲဝေမှုနဲ့ ပြိုင်ပွဲပုံစံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲပုံစံ(Format)အတိုင်း ကျင်းပသွားမှာဖြစ်ပါတယ်။ အသင်း(၃၂)သင်းကို (၄)သင်း(၈)အုပ်စုခွဲဝေထားပြီး အုပ်စု ပထမ၊ ဒုတိယအသင်း(၂)သင်းစီ စုစုပေါင်း(၁၆)သင်းဟာ ပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်ဖြစ်တဲ့ Round of 16 အဆင့်မှာ ကစားရမှာပါ။ အဲဒီနောက် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲတွေဆက်လက်ကျင်းပသွားမှာဖြစ်ပြီး တတိယနေရာလုပွဲမရှိတာတစ်ခုပဲ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ကွာခြားပါတယ်။

အုပ်စုတွေ ခွဲဝေထားမှုကတော့ အောက်ပုံပါအတိုင်းဖြစ်ပါတယ်။

ဆုကြေးငွေနဲ့ ပြိုင်ပွဲဝင်ကြေး

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေကို ပြိုင်ပွဲဝင်ကြေး များများစားစားပေးသွားမှာဖြစ်သလို ဆုကြေးငွေကိုလည်း ထိထိရောက်ရောက်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ စုစုပေါင်းအမေရိကန်ဒေါ်လာ(၁)ဘီလီယံကို မျှဝေချီးမြှင့်သွားဖို့ ဖီဖာက စီစဉ်ထားတာပါ။

ဥရောပကလပ်အသင်းတွေအနေနဲ့ မိမိတို့ရဲ့ကလပ်သတ်မှတ်ချက်အဆင့်နဲ့ စျေးကွက်တန်ဖိုးတွေအရ ပြိုင်ပွဲဝင်ကြေးတွေက တစ်သင်းနဲ့တစ်သင်းမတူဘဲ ခြားနားပါတယ်။ အခြားပြိုင်ပွဲဝင်ကလပ်တွေကိုတော့ တိုက်ကြီးများအလိုက် ပြိုင်ပွဲဝင်ကြေးတွေ ခွဲခြားထားပါတယ်။

■ ဥရောပကလပ်အသင်းတွေက အနိမ့်ဆုံး အမေရိကန်ဒေါ်လာ(၁၂.၈၁)သန်းကနေ(၃၈.၁၉)သန်းအထိ ရရှိမှာပါ။
■ တောင်အမေရိကကလပ်အသင်းတွေက အမေရိကန်ဒေါ်လာ(၁၅.၂၁)သန်းရရှိမှာပါ။
■ အာရှကလပ်အသင်းတွေ၊ အာဖရိကကလပ်အသင်းတွေ၊ ကွန်ကာကပ်ဖ်ကလပ်အသင်းတွေက အမေရိကန်ဒေါ်လာ(၉.၅၅)သန်းရရှိမှာဖြစ်ပါတယ်။
■ လူစိတ်ဝင်စားမှုနည်းတဲ့ သမုဒ္ဒရာပိုင်းဇုန်ကိုယ်စားပြုအသင်းကတော့ အမေရိကန်ဒေါ်လာ(၃.၈၅)သန်းသာရရှိမှာဖြစ်ပါတယ်။

ပြိုင်ပွဲအပြီးချီးမြှင့်မယ့်ဆုကြေးက အောက်ပါအတိုင်းဖြစ်ပါတယ်။

■ Group stage : အနိုင်တစ်ပွဲ အမေရိကန်ဒေါ်လာ(၂)သန်း၊ သရေတစ်ပွဲ အမေရိကန်ဒေါ်လာ(၁)သန်း
■ Round of 16: အမေရိကန်ဒေါ်လာ(၇.၅)သန်း
■ Quarter-final: အမေရိကန်ဒေါ်လာ(၁၃.၁၂၅)သန်း
■ Semi-final: အမေရိကန်ဒေါ်လာ(၁၂)သန်း
■ Finalist: အမေရိကန်ဒေါ်လာ(၃၀)သန်း
■ Winner: အမေရိကန်ဒေါ်လာ(၄၀)သန်း

ဝေဖန်ခံခဲ့ရတဲ့လက်မှတ်စျေးနှုန်း

မူလက ဒီပြိုင်ပွဲအတွက်လက်မှတ်စျေးနှုန်းကိုများစွာမြင့်တင်ထားပြီး ဗိုလ်လုပွဲလက်မှတ်တစ်စောင်တန်ဖိုးက အမေရိကန်ဒေါ်လာ(၂၂၀၀)အထိရှိနေလို့ လက်မှတ်စျေးကြီးမှုအပေါ်ပရိသတ်တွေက ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဖီဖာက လက်မှတ်စျေးတွေကို ပြန်လျှော့ချသတ်မှတ်ပေးခဲ့ပြီး ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲ(စျေးအနိမ့်ဆုံးအတန်းက)လက်မှတ်တစ်စောင်ကို အမေရိကန်ဒေါ်လာ(၁၄၀)နဲ့(၃၀၀)ကြား သတ်မှတ်ပေးခဲ့ပါတယ်။

စိုးရိမ်စရာထရမ့်ပေါ်လစီနဲ့ အာမခံတဲ့ ဖီဖာ

ဒီပြိုင်ပွဲမတိုင်မီ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမျိုးသားရေးဝါဒီဆန်တဲ့ ပေါ်လစီနဲ့ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်တာတွေ၊ ပြည်တွင်းက ရွှေ့ပြောင်းနေထိုင်သူတွေကို တင်းကြပ်တာတွေပြုလုပ်ခဲ့တာကြောင့် ပြိုင်ပွဲကိုလာရောက်မယ့် ပရိသတ်တ​ွေက အမေရိကန်အစိုးရရဲ့ကိုင်တွယ်မှုအပေါ်စိုးရိမ်ခဲ့ပါတယ်။ အချို့စည်းကမ်းဥပဒေနဲ့မညီသူတွေကို ထရမ့်အစိုးရက တရားရင်ဆိုင်ဖြေရှင်းတာတောင်မလုပ်ဘဲ အယ်လ်ဆာဗေးဒိုးလို နိုင်ငံတွေကို ပြည်နှင်ဒဏ်ပေးပို့ဆောင်စေတာကြောင့် ပရိသတ်တွေက စိုးရိမ်ခဲ့တာပါ။ ဒါပေမယ့် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကတော့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲလာ ပရိသတ်တွေရဲ့လုံခြုံရေးက ပထမဦးစားပေးဖြစ်တယ်လို့ အာမခံချက်ပေးထားပါတယ်။

ဘရာဇီးလ်ကစားသမားအများဆုံးပြိုင်မယ့်ပြိုင်ပွဲ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်ကစားသမားတွေက နိုင်ငံအလိုက်မှာ အများဆုံးအဖြစ် (၁၄၂)ဦးနဲ့ထိပ်ဆုံးက ဦးဆောင်နေပြီး နောက်မှာ အာဂျင်တီးနားကစားသမား(၁၀၄ ဦး)၊ စပိန်ကစားသမား(၅၄ ဦး) ပေါ်တူဂီကစားသမား(၄၉ ဦး)၊ အမေရိကန်ကစားသမား(၄၃ ဦး)တို့ ပါဝင်နေပါတယ်။ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ တစ်သင်းကို ကစားသမားအနည်းဆုံး(၂၆)ဦးကနေ အများဆုံး(၃၅)ဦးအထိ ခေါ်ဆောင်ခွင့်ရှိပြီး ကျောနံပါတ်ကို (၁)ကနေ (၉၉)အထိ ရေးထိုးခွင့်ပေးထားပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ