ကမ္ဘာ့ဘောလုံးလောကမှာ GOAT-Greatest Of All Time(ထာ၀ရအကောင်းဆုံးအကောင်းဆုံးကစားသမား)တွေအဖြစ် သတ်မှတ်ခံထားရတဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီနဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုတို့ကို တစ်သင်းတည်းအတူကစားတာတွေ့မြင်ရဖို့ဆိုတာ ဘောလုံးပရိသတ်တချို့ရဲ့ ရင်ထဲမှာ ကိန်းအောင်းနေနိုင်တဲ့အိပ်မက်တစ်ခုဖြစ်ပါတယ်။
အခုတော့ သူတို့နှစ်ဦးကို အသင်းတစ်သင်းတည်းမှာ တွေ့မြင်ရဖွယ်ရှိတယ်ဆိုတဲ့သတင်းတစ်ပုဒ် ကျယ်ကျယ်ပြန့်ပြန်ထွက်ပေါ်လာပါတယ်။

လာမယ့် ဇွန်နဲ့ ဇူလိုင်လအတွင်းကျင်းပမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်မယ့် အင်တာမိုင်ယာမီအသင်းဟာ စီရော်နယ်ဒိုကို ကာလတိုအငှားစာချုပ်နဲ့ ခေါ်ယူပြီး ဒီပြိုင်ပွဲမှာ မက်ဆီနဲ့အတူတွဲကစားစေဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းထွက်လာခဲ့တာပါ။
၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီရဲ့အင်တာမိုင်ယာမီအသင်းက ပါဝင်ယှဉ်ပြိုင်ခွင့်ရပေမယ့် စီရော်နယ်ဒိုရဲ့အယ်လ်နာဆာအသင်းက ပါဝင်ခွင့်မရဘဲ ဆော်ဒီပရိုလိဂ်က အယ်လ်ဟီလယ်အသင်းသာ ပါဝင်ခွင့်ရထားတာပါ။

ဒါကြောင့် အင်တာမိုင်ယာမီအသင်းဟာ စီရော်နယ်ဒိုကို ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့နဲ့ မက်ဆီနဲ့အတူတွဲကစားစေဖို့ ကြံစည်နေတယ်လို့ ဂျာနယ်လစ်ဘင်န်ဂျက်ကော့ဘ်ရဲ့ထုတ်ဖော်ရေးသားမှုကို အခြေခံပြီး မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြတာပါ။
စီရော်နယ်ဒိုကို အင်တာမိုင်ယာမီအသင်းအမှန်တကယ်အငှားခေါ်ယူဖြစ်ခဲ့ပြီး မက်ဆီနဲ့ တွဲကစားစေခဲ့ရင် ဒီပြိုင်ပွဲအပေါ်ပရိသတ်တွေအာရုံစိုက်မှုပိုလာနိုင်လို့ ဒီအစီအစဉ်ကို ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေကလည်း ထောက်ခံအားပေးဖွယ်ရှိနေပါတယ်။
အင်တာမိုင်ယာမီအသင်းအတွက် စီရော်နယ်ဒိုကို ခေါ်ယူရာမှာ အတားအဆီးတစ်ခုဖြစ်လာနိုင်တာက မေဂျာလိဂ်က ချမှတ်ထားတဲ့ Franchise Players စည်းမျဉ်းဖြစ်ပါတယ်။ ဒီစည်းမျဉ်းအရ လစာထိန်းချုပ်မှု(Salary Cap)မရှိဘဲ မြင့်မားတဲ့လစာပေးချေနိုင်တဲ့ကစားသမားက မေဂျာလိဂ်အသင်းတစ်သင်းမှာ (၃)ဦးသာ ရှိရမှာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းမှာ မက်ဆီ၊ ဘူးစကွက်စ်နဲ့ ဂျော်ဒီအယ်လ်ဘာတို့ (၃)ဦးပြည့်သွားပြီဖြစ်တာကြောင့် စီရော်နယ်ဒိုကို ကာလတိုစာချုပ်ချုပ်ဆိုဖို့ မြင့်မားတဲ့လစာငွေနဲ့ ကမ်းလှမ်းရာမှာ အခက်အခဲဖြစ်စေမှာဖြစ်ပါတယ်။
မေဂျာလိဂ်ဘောလုံးတာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စအတွက် အင်တာမိုင်ယာမီအသင်းကို အထူးခွင့်ပြုချက်ပေးသွားမလားဆိုတာကိုလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။
မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကို တစ်သက်လုံး ပြိုင်ဘက်တွေအဖြစ်တွေ့မြင်ခဲ့ရတဲ့ ပရိသတ်တွေအနေနဲ့ ဘောလုံးသမားဘ၀နေဝင်ချိန်ရောက်နေတဲ့သူတို့နှစ်ဦးကို မကြာမီအတွင်း အသင်းဖော်တွေအဖြစ် တွေ့မြင်ရမလားဆိုတာ ဆက်လက်စောင့်မျှော်ရင်ခုန်ရမှာပါပဲ။

Discussion