ဂျပန်အသင်းဟာ ဒီနေ့ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန် တတိယအဆင့်)ပွဲစဉ်(၇)မှာ ဘာရိန်းအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဒီပြိုင်ပွဲအတွက် ပထမဆုံးခြေစစ်ပွဲအောင်အသင်းအဖြစ် မှတ်တမ်းရေးထိုးခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်တွေအဖြစ် တိုက်ရိုက်ဝင်ခွင့်ရထားပြီး အခုဂျပန်က ဒီ(၃)နိုင်ငံနဲ့အတူ စတုတ္ထမြောက် ဝင်ခွင့်ရအသင်းအဖြစ် မှတ်တမ်းတင်ခဲ့တာပါ။

ဘာရိန်းအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂျပန်အသင်းအတွက် ဒုတိယပိုင်း(၆၆)မိနစ်မှာ ကာမာဒါ၊ (၈၇)မိနစ်မှာ ကူဘိုတို့က အနိုင်ဂိုးတွေသွင်းယူခဲ့ကြတာဖြစ်ပါတယ်။

ဂျပန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန် တတိယအဆင့်)အုပ်စု(C)မှာ အုပ်စုပွဲစဉ် (၇)ပွဲကစားခဲ့ရာမှာ (၆)ပွဲနိုင်(၁)ပွဲသရေကျခဲ့ပြီး ရမှတ်(၁၉)မှတ်ရရှိခဲ့ပါတယ်။ လက်ကျန်ပွဲ(၃)ပွဲကစားဖို့ ကျန်နေတဲ့အနေအထားမှာ ဂျပန်အသင်းဟာ တတိယနေရာက ဆော်ဒီအာရေဗျအသင်းကို (၁၃)မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် ခြေစစ်ပွဲအောင် ထိပ်ဆုံး(၂)နေရာအတွင်းမှာ ရပ်တည်ဖို့သေချာသွားတာပါ။

ဂျပန်အသင်းပါဝင်တဲ့အုပ်စုမှာ ဩစ​တြေးလျအသင်းက အုပ်စု ဒုတိယနေရာရဖို့ အခြေအနေကောင်းနေပြီး ဒီနေ့ အင်ဒိုနီးရှားအသင်းကို (၅-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် ရမှတ်(၁၀)မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒီနှစ်သင်းနောက်မှာ ဆော်ဒီ၊ အင်ဒို၊ ဘာရိန်း၊ တရုတ်တို့က (၆)မှတ်စီနဲ့ ရပ်တည်နေပါတယ်။

ဂျပန်အသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲကစတင်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းကို ခြေစစ်ပွဲအောင်ခဲ့သလို ဒီနှစ်မှာတော့ အစောဆုံးခြေစစ်ပွဲအောင်အသင်းအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့တာပါ။