ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ အီတလီလူမျိုးနည်းပြအန်ဆယ်လော့တီကို ဘရာဇီးလ်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ကိစ္စကို လက်မလျှော့သေးဘဲ ထပ်မံကြိုးစားဖို့ စီစဉ်နေကြောင်းသိရပါတယ်။
၂၀၂၃ ခုနှစ်အတွင်းက ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအန်ဆယ်လော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ချဉ်းကပ်ခဲ့ပြီး နှစ်ဦးနှစ်ဖက်သဘောတူညီမှုရရှိဖို့ အလွန်နီးစပ်တဲ့အနေအထားရောက်မှ အန်ဆယ်လော့တီက စိတ်ပြောင်းခဲ့တာပါ။
လက်ရှိကလပ်ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး စာချုပ်သစ်မှာလက်မှတ်ထိုးခဲ့တာကြောင့် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေရဲ့မျှော်လင့်ချက်တွေ ပျက်စီးခဲ့ရပါတယ်။
ဒါပေမယ့် လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရ ဘရာဇီးလ်ဘောလုံးတာဝန်ရှိသူတွေဟာ သူတို့ရဲ့ရည်မှန်းချက်ကို လက်မလွှတ်သေးဘဲ ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အန်ဆယ်လော့တီကို ဘရာဇီးလ်အသင်းနည်းပြအဖြစ် ခန့်အပ်နိုင်ဖို့ ပြန်လည်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
မနေ့က ကစားခဲ့တဲ့ ၂၀၂၆ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရာဇီးလ်အသင်းက အာဂျင်တီးနားအသင်းကို (၁-၄)ဂိုးနဲ့ ရှုံးနိမ့်အပြီး ဒီသတင်းတွေထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းကို ဂိုးပြတ်ရှုံးနိမ့်မှုကြောင့် လက်ရှိ ဘရာဇီးလ်အသင်းနည်းပြဒိုရီဗယ်လ်ဂျူနီယာ ဖိအားများနေချိန်မှာ ဘရာဇီးလ်အသင်းတာဝန်ရှိသူတွေဟာ အန်ဆယ်လော့တီကို ပြန်လည်ချဉ်းကပ်ဖို့ စဉ်းစားနေကြောင်း
The Athletic သတင်းစာကလည်း ဖော်ပြခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ အာဂျင်တီးနားကို ရှုံးနိမ့်ပြီးနောက် ၂၀၂၆ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)အမှတ်ပေးဇယားမှာ အဆင့်(၄)နေရာကို ရောက်နေပေမယ့် ခြေစစ်ပွဲမှာ အဆင့်(၆)အသင်းအထိ တိုက်ရိုက်ခြေစစ်ပွဲအောင်မှာကြောင့် ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရဖို့က သေချာသလောက်ရှိနေပါတယ်။
တကယ်လို့ အန်ဆယ်လော့တီအနေနဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြဖြစ်လာခဲ့ရင် အသင်းသမိုင်းတစ်လျှောက်မှာ ပထမဆုံးနိုင်ငံခြားသားနည်းပြအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။
Discussion