မြန်မာလက်ရွေးစင်အသင်းက ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲမှာ အဖွင့်လှခဲ့ပြီး ၂၀၂၇ အာရှဖလားခြေစစ်ပွဲမှာ အာဖဂန်နစ္စတန်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ကစားနိုင်ခဲ့ပါတယ်။

လက်ရှိဖီဖာကမ္ဘာ့အဆင့်(၁၆၈)သတ်မှတ်ခံထားရတဲ့ မြန်မာအသင်းအနေနဲ့ မိမိထက် အဆင့်(၁၂)ဆင့်မြင့်တဲ့ ကမ္ဘာ့အဆင့်(၁၅၆)က အာဖဂန်နစ္စတန်အသင်းကို အိမ်ကွင်းမှာ အနိုင်ရလဒ်ရအောင် စွမ်းဆောင်နိုင်ခဲ့လို့ မြန်မာပရိသတ်တွေအတွက်တော့ ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

မြန်မာအသင်းမှာ ဂိုး - ဇင်ညီညီအောင်၊ နောက်တန်း - ဟိန်းဖြိုးဝင်း၊ စိုးမိုးကျော်၊ နန္ဒကျော်၊ သီဟထက်အောင်၊ အလယ်တန်း - လွင်မိုးအောင်၊ ကျော်မင်းဦး၊ မောင်မောင်လွင်၊ သီဟဇော်၊ ရှေ့တန်း - သန်းပိုင်၊ ဟိန်းထက်အောင်တို့ ပါဝင်ကစားခဲ့ပြီး အာဖဂန်နစ္စတန်အသင်းက ပွဲချိန်(၁၃)မိနစ်မှာ တိုက်စစ်မှူးအိုမစ်က ဦးဆောင်ဂိုးသွင်းသွားလို့ မြန်မာအသင်းနောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ ဒီဂိုးက အာဖဂန်နစ္စတန်အသင်းအတွက် နိုင်ငံတကာပွဲ(၁၂)ပွဲကစားထားတဲ့ အိုမစ်အတွက် ပထမဆုံးသွင်းယူနိုင်တဲ့ နိုင်ငံတကာဂိုးဖြစ်ခဲ့ပါတယ်။

ပွဲချိန်(၂၇)မိနစ်မှာ ညာတောင်ပံက မောင်မောင်လွင်ရဲ့သေသပ်လှပတဲ့ ပေးပို့မှုကနေ ဂိုးဧရိယာထဲက သန်းပိုင်က အပိုင်ခေါင်းတိုက်ဂိုးသွင်းခဲ့လို့ မြန်မာအသင်း ပထမပိုင်းမှာပဲ ချေပဂိုးရခဲ့ပါတယ်။

မောင်မောင်လွင်က ဒီနေ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး ပထမဂိုးကို ဖန်တီးပေးနိုင်ရုံမက ပွဲချိန်(၇၄)မိနစ်မှာ သူကိုယ်တိုင်လည်း အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို အဝေးကန်ချက်နဲ့ လှပစွာသွင်းယူခဲ့ပါတယ်။

0:00
/0:19

မြန်မာအသင်းအတွက် သန်းပိုင်နဲ့ မောင်မောင်လွင် သွင်းယူခဲ့တဲ့ဂိုးများ

လက်ကျန်မိနစ်တွေမှာ အာဖဂန်နစ္စတန်အသင်းရဲ့ချေပဂိုးရဖို့ ကြိုးစားမှုတွေကို မြန်မာအသင်းနောက်တန်းနဲ့ ဂိုးသမားက ကြံကြံခံကာကွယ်ခဲ့ပြီး အိမ်ကွင်းမှာ နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ထပ်ဆောင်းအချိန်ပိုနောက်ဆုံးမိနစ်မှာ အာဖဂန်နစ္စတန်အသင်းရဲ့ဖရီးကစ်ကို မြန်မာဂိုးသမားပုတ်ထုတ်နိုင်ခဲ့လို့ မြန်မာအသင်း ချေပဂိုးမပေးခဲ့ရခဲ့သလို၊ ဂိုးသမားမရှိတော့တဲ့ အာဖဂန်နစ္စတန်ဂိုးပေါက်ထဲ မြန်မာအသင်းကန်သွင်းခွင့်ရခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ခရာမှုတ်ပြီး ပွဲပြီးခဲ့လို့ မြန်မာအသင်း(၃-၁)ဂိုးရလဒ်နဲ့နိုင်မယ့် အခွင့်အရေးကိုလည်း လက်လွှတ်ခဲ့ရပါတယ်။

၂၀၂၇ အာရှဖလားခြေစစ်ပွဲမှာ (၄)သင်း(၆)အုပ်စုပါဝင်ပြီး အုပ်စုဗိုလ်အသင်း(၆)သင်းသာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။ မြန်မာအသင်းပါဝင်တဲ့အုပ်စု(E)မှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့ပါဝင်ပြီး ၁၉၆၈ အာရှဖလားပြိုင်ပွဲတစ်ကြိမ်သာ ယှဉ်ပြိုင်ဖူးတဲ့ မြန်မာအသင်းအနေနဲ့ နှစ်(၆၀)နီးပါးဝေးကွာနေတဲ့ အာရှဖလားပြိုင်ပွဲကို ပြန်ဝင်ခွင့်ရမလားဆိုတာ ခြေစစ်ပွဲတွေမှာ ပရိသတ်တွေ ​ဆက်လက်ရင်ခုန်ရမှာပါ။

လက်ရှိမှာ ၂၀၂၇ အာရှဖလားပြိုင်ပွဲကို ဆော်ဒီအာရေဗျ(အိမ်ရှင်)၊ ဩစတြေးလျ၊ အီရတ်၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ ကာတာ၊ UAE ၊ ဂျပန်၊ တောင်ကိုရီးယား၊ အိုမန်၊ ပါလက်စတိုင်း၊ ဘာရိန်း၊ ဂျော်ဒန်၊ တရုတ်၊ အင်ဒိုနီးရှား၊ မြောက်ကိုရီးယား၊ ကူဝိတ်၊ ကာဂျစ္စတန် အစရှိတဲ့ (၁၈)သင်းက ဝင်ခွင့်ရရှိထားပြီး လက်ကျန်ဝင်ခွင့်(၆)နေရာထဲမှာ ပါဝင်ခွင့်ရဖို့ မြန်မာအသင်းက ကြိုးစားရမှာဖြစ်ပါတယ်။