လက်ရှိဖြစ်ပွားနေသော ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ပဋိပက္ခသည် ရုတ်တရက်ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ၊ နှစ်ပေါင်း ၁၀၀ ကျော်ကြာမြင့်နေပြီဖြစ်သော ကိုလိုနီခေတ်သမိုင်းအမွေဆိုးနှင့် အမျိုးသားရေးဝါဒတို့မှ အရင်းခံလာခြင်းဖြစ်ပါတယ်။

ကိုလိုနီခေတ်၏ အမွေဆိုး

  • ၁၉၀၄ နှင့် ၁၉၀၇ ခုနှစ်: ထိုအချိန်က ကမ္ဘောဒီးယားကို အုပ်ချုပ်နေသော ပြင်သစ်အစိုးရနှင့် ထိုင်းဘုရင့်နိုင်ငံ (ထိုစဉ်က ဆိုင်ယမ်) တို့သည် နယ်နိမိတ်သတ်မှတ်ရေးစာချုပ်နှစ်ခုကို ချုပ်ဆိုခဲ့ပါတယ်။ ထိုစာချုပ်များတွင် နယ်နိမိတ်မျဉ်းကို တောင်တန်းများ၏ ရေဝေကြော (watershed line) အတိုင်း သတ်မှတ်ခဲ့သော်လည်း၊ တိကျသောမြေပုံများ ရေးဆွဲခဲ့ခြင်းမရှိသည့်အတွက် နောင်တွင် အငြင်းပွားမှုများ၏ မျိုးစေ့ကို ချပေးခဲ့သလို ဖြစ်ခဲ့ပါတယ်။

လွတ်လပ်ရေးခေတ်နှင့် ပထမဆုံး ပဋိပက္ခ

  • ၁၉၅၃ ခုနှစ်: ကမ္ဘောဒီးယားနိုင်ငံ ပြင်သစ်ထံမှ လွတ်လပ်ရေးရရှိပြီးနောက်၊ နှစ်နိုင်ငံနယ်နိမိတ်တစ်လျှောက်ရှိ ဟိန္ဒူဘုရားကျောင်းများ၏ ပိုင်ဆိုင်မှုကို အကြောင်းပြု၍ အငြင်းပွားမှုများ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ အထူးသဖြင့် Preah Vihear (ထိုင်းအခေါ် Khao Phra Wihan) ဘုရားကျောင်း ပိုင်ဆိုင်မှုပြဿနာမှာ အဓိကဖြစ်ခဲ့ပါတယ်။
  • ၁၉၆၂ ခုနှစ်: ကမ္ဘာ့တရားရုံး (International Court of Justice) က Preah Vihear ဘုရားကျောင်းသည် ကမ္ဘောဒီးယားနိုင်ငံပိုင်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သို့သော်လည်း ဘုရားကျောင်းသို့ သွားရာ အဓိကလမ်းမကြီးမှာ ထိုင်းနိုင်ငံပိုင်နက်ထဲတွင် ကျန်ရှိနေခဲ့သည့်အတွက် တင်းမာမှုများ ဆက်လက်ရှိနေခဲ့ပါတယ်။

၂၁ ရာစု၏ ပဋိပက္ခများ

  • ၂၀၀၈ ခုနှစ်: ကမ္ဘောဒီးယားက Preah Vihear ဘုရားကျောင်းကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ထည့်သွင်းရန် ကြိုးပမ်းခဲ့ရာမှ၊ နှစ်နိုင်ငံအကြား သံတမန်ရေးရာတင်းမာမှုများနှင့် စစ်ရေးပဋိပက္ခများ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။
  • ၂၀၁၁ ခုနှစ်: နှစ်ဖက်တပ်များအကြား ပြင်းထန်သောတိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ လူအများအပြား သေဆုံးခဲ့ပါတယ်။

လက်ရှိ အကျပ်အတည်း

  • မေလ ၂၀၂၅: အငြင်းပွားနယ်မြေတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်များ ပစ်ခတ်မှုဖြစ်ပွားပြီး၊ ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။
  • ဇူလိုင်လ ၂၃ ရက်: ထိုင်းကင်းလှည့်စစ်သားများ မိုင်းနင်းမိပြီးနောက်၊ ထိုင်းအစိုးရက ကမ္ဘောဒီးယားသံအမတ်ကို ပြည်နှင်ဒဏ်ပေးကာ သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချခဲ့ပါတယ်။
  • ဇူလိုင်လ ၂၄ ရက်: နယ်စပ်တွင် နှစ်ဖက်တပ်များအကြား လက်နက်ကြီးများ၊ တိုက်လေယာဉ်များပါဝင်သည့် ပြင်းထန်သောတိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး၊ နှစ်နိုင်ငံဆက်ဆံရေးမှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိသွားခဲ့ပါတယ်။

ဤအခြေအနေများနှင့် ပတ်သက်၍ နောက်ဆုံးရသတင်းများကို ဖြစ်ပေါ်လျှင်ဖြစ်ပေါ်ချင်း ဆက်လက်တင်ပြပေးသွားပါမည်။