မနေ့က လီဗာပူးလ်(၃-၁)ဆောက်သမ်တန် ပရီးမီးယားလိဂ်ပွဲစဉ်မှာ (၆)ဦးမြောက်လူစားလဲမှုကြောင့် လီဗာပူးလ်အသင်းအမှတ်လျော့ခံရမှာကို အီဂျစ်တောင်ပံကစားသမား ဆာလာက စိုးရိမ်မှုရှိခဲ့ပါတယ်။
လီဗာပူးလ်ပရိသတ်တွေက ဆာလာဟာ သူတိုအမှတ်လျော့ခံရမယ့် အခြေအနေကိုစိုးရိမ်တဲ့အတွက် (၆)ဦးမြောက်လူစားလဲမှုပြုလုပ်တာကို တားဆီးဖိုးကြိုးစားခဲ့တယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ကြပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ (၅)ဦးအထိသာ လူစားလဲခွင့်ပြုထားပေမယ့် လီဗာပူးလ်အသင်းဟာ ဒီပွဲရဲ့ပွဲပြီးခါနီးမှာ (၆)ဦးမြောက်လူစားလဲမှုအဖြစ် ညာနောက်ခံလူ အာနိုးလ်ရဲ့နေရာမှာ ဗဟိုနောက်ခံလူ ကွမ်ဆာကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ဒီပွဲရဲ့ပွဲချိန်အစောပိုင်းမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် လီဗာပူးလ်အသင်းဟာ (၆)ဦးမြောက်လူစားလဲဖို့ ခွင့်ပြုခြင်းကို ခံခဲ့ရတာပါ။ ဆောက်သမ်တန်အသင်းဟာ နောက်ခံလူ ဘန်နာရက်ခ်ရဲ့ ဦးခေါင်းဒဏ်ရာကြောင့် ဒဏ်ရာအစားထိုးမှုအဖြစ် ပထမပိုင်းပွဲချိန်အတွင်း လူစားလဲခဲ့ပါတယ်။
ဦးခေါင်းထိခိုက်ဒဏ်ရာရတဲ့အခြေအနေကို ဖြေရှင်းဖို့အတွက် တစ်ဦးအပိုလူစားလဲဖို့ ခွင့်ပြုထားတာကြောင့် ပွဲကစားနေတဲ့အသင်း(၂)သင်းစလုံးဟာ ဒီအခွင့်အရေးကို ရရှိခဲ့ကြတာပါ။ ဆာလာကတော့ ဒီစည်းမျဉ်းကို မသိရှိတဲ့အတွက် လီဗာပူးလ်အသင်းအမှတ်လျော့ခံရမှာကို စိုးရိမ်ပြီး (၆)ဦးမြောက်လူစားလဲတာကို တားဆီးဖို့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါက အမှားအယွင်းမဟုတ်ဘူးလို့ ကွင်းလယ်ဒိုင်လူကြီးကရှင်းပြခဲ့လို့ဆာလာဟာ ဒီလူစားလဲမှုကို လက်ခံခဲ့တာပါ။
ဆာလာဟာ ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ပယ်နယ်တီကနေ (၂)ဂိုးသွင်းယူပေးခဲ့ပြီး လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရမှတ်(၁၆)မှတ်ဖြတ်ကာ ဦးဆောင်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
Discussion