အားမနာဘဲ ပွင့်လင်းစွာပြောနိုင်သူတစ်ယောက်ဖြစ်ဖို့

ရိုးသားမှုက တန်ဖိုးဘယ်လောက်ရှိကြောင်း ပုံပြင်တွေ၊ စကားပုံတွေ အများကြီးပါ။ ရိုးသားမှုကို အမှန်အတိုင်းပြောတတ်တာ၊ မလိမ်ညာတာ လို့ အရှင်းဆုံး အဓိပ္ပာယ်ဖော်လို့ ရမယ်ထင်ပါတယ်။ ဒီနေရာမှာ စိတ်ထဲရှိတဲ့ အမှန်တိုင်းပြောတာဟာ ပြောရင်သာလွယ်ပေမယ့် အားနာတတ်တဲ့ မြန်မာလူမျိုးတွေအတွက် ခက်ခဲတတ်ပါတယ်။

ဒီလို ပွင့်လင်းတယ် ဆိုပေမယ့်လည်း တစ်ဖက်သားကို စိတ်မထိခိုက်အောင်ပြောတတ်ဖို့လည်း လိုပါသေးတယ်။ အမှန်တော့ ရိုးသားပွင့်လင်းတာနဲ့ ကြင်နာမှုက နှစ်ခုလုံးတစ်ပြိုင်နက် တည်ရှိလို့ရပါတယ်။ ဘွင်းဘွင်းရှင်းရှင်းပြောတတ်တာနဲ့ လူ့ဂွစာဖြစ်သွားတာ မဟုတ်ပါဘူး။ ဒီလို ရိုးသားပွင့်လင်းတာဟာ နည်းလမ်းအမှန်နဲ့ လုပ်နိုင်မယ်ဆိုရင် ကိုယ်နဲ့ လူတွေကြားက ဆက်ဆံရေး ပိုမိုခိုင်မာနိုင်သလို မိမိကိုယ်ကို ယုံကြည်ချက်ကိုပါ တိုးစေနိုင်ပါတယ်။

💬 ဘာလို့ ပွင့်လင်းစွာ ပြောဖို့ မလွယ်တာလဲ?

စိတ်ထဲရှိတဲ့အတိုင်း မပြောနိုင်တာဟာ မရိုးသားလို့ မဟုတ်ပါဘူး။ လူတွေ ဘယ်လိုထင်သွားမလဲ၊ သူတို့ စိတ်ထိခိုက်သွားမလား၊ ပြောလိုက်လို့ ကသိကအောက် ဖြစ်သွားမလား စတဲ့ ကြောက်စိတ်တွေကြောင့်ပါ။ 

🧭 အမှန်တရားကို ချိန်ဆတတ်ဖို့လိုပါတယ်

ဘာမှမပြောဘဲ နှုတ်ပိတ်နေတာနဲ့ ပြောချင်ရာ မစဉ်းစားဘဲ အမှန်တိုင်းပြောတာရဲ့ ကြားထဲက အလယ်အလတ်လမ်းစဉ်ကို ရှာဖို့လိုပါတယ်။ ကိုယ့်ရဲ့ အမှန်တရားကို ရည်ရွယ်ချက်ရှိရှိ တစ်ဖက်လူကို မထိခိုက်အောင် ပြောဖို့ ကြိုးစားရပါမယ်။

🛠️ ပွင့်လင်းစွာပြောတတ်ဖို့ ဒီလိုလေ့ကျင့်နိုင်ပါတယ်

  1. နားထောင်တဲ့ လူကို အပြစ်တင်မယ့်အစား ကိုယ့်ဘက်က ဖြစ်တာကို ပြောပါ

ဥပမာ - အုပ်စုလိုက်ပရောဂျက်မှာ ဘာမှမလုပ်တဲ့ သူငယ်ချင်းကို “နင်တော်တော် တစ်ကိုယ်ကောင်းဆန်တာပဲ” လို့ပြောတာဟာ မှန်ပေမယ့် ကိုယ့်အတွက်ရော ကြားရတဲ့လူအတွက်ရော အဆင်မပြေပါဘူး။ အဲ့ဒီအစား “ဒါလေးတော့ ကူပေးစေချင်တယ်။ တစ်ယောက်တည်း လုပ်ရတာမနိုင်လို့” ဆိုတာမျိုးနဲ့ အစားထိုးပြောကြည့်ပါ။

  1. အချိန်အခါကောင်း ရွေးချယ်တတ်ပါစေ

အမှန်တိုင်းပြောတာ ကောင်းပါတယ်။ ဒါပေမယ့် အချိန်အခါ မကိုက်တဲ့အခါ တိုက်ခိုက်မှုလို့ အမြင်လွဲခံရနိုင်ပါတယ်။ ဒါ့ကြောင့် နားထောင်မယ့်လူ စိတ်အဆင်ပြေမယ့် အချိန်ကို ရွေးသင့်ပါတယ်။

  1. သိပ်အရေးမကြီးတဲ့ အကြောင်းအရာတွေနဲ့ အရင်စကြည့်ပါ

အမှန်တိုင်းစပြီး ဘွင်းဘွင်းပြောတာထက် တပါးသူရဲ့သိချင်စိတ်ကို ဖွင့်ပေးတဲ့စကားမျိုး (ဒါမှမဟုတ်) သိပ်အရေးမကြီးတဲ့ အဖွင့်စကားမျိုးနဲ့ စပါ။

ဥပမာ - “အခုတလော စိတ်ထဲရောက်နေတာ တစ်ခုရှိတယ် သိလား” 

“ပြောရမှာ နည်းနည်းတော့ ကသိကအောက် ဖြစ်ပေမယ့်လေ ….”

စတာတွေနဲ့ အရင် စကားစပြီး လေ့ကျင့်နိုင်ပါတယ်။

  1. ရှင်းရှင်း ပြောပါ၊ ရိုင်းရိုင်း မပြောပါနဲ့

အမှန်တော့ အမှန်တိုင်းပဲ။ ဒါပေမယ့် ဘာကိုပြောချင်မှန်းမသိအောင် သဲလွန်စပေးရုံလောက် မရှင်းမရှင်း ပြောတာမျိုး မလုပ်ပါနဲ့ …

ဥပမာ - “အခုတလော (မင်း) အလုပ်လုပ်တာ သိပ်အဆင်မပြေဘူး” လို့ ပြောမယ့်အစား

“အရင်တစ်ပတ်က လုပ်စရာတွေ မပြီးသေးတာတွေ့လို့ ဒီတစ်ပတ်ပြီးနိုင်လား၊ ဘာအဆင်မပြေတာရှိလဲ” ဆိုတာမျိုးနဲ့ အစားထိုးပြောကြည့်ပါ။

  1. တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်စဉ်းစားပါ

အမှန်တကယ် ပွင့်လင်းသူတစ်ယောက်ဟာ သူတစ်ပါးရဲ့ ခံစားချက်ကိုလည်း ထည့်စဉ်းစားပါတယ်။

  • “တမင်မရည်ရွယ်မှန်း သိပါတယ်။ ဒါပေမယ့် အဲ့လိုလုပ်တဲ့အခါ ငါ့ဘက်က ဒီလိုခံစားရကြောင်း ပြောပြချင်တာ”
  • “ငါတို့က သူငယ်ချင်းဖြစ်လာတာလည်း ကြာပြီဆိုတော့ စိတ်ဆိုးပြီး မခေါ်မပြောတာထက် ပွင့်ပွင့်လင်းလင်းပြောသင့်တယ် ထင်လို့”

စတဲ့ စကားမျိုးနဲ့ တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း အသိအမှတ်ပြုကြောင်း ပြသနိုင်ပါတယ်။

ဒီလိုနည်းလမ်းမှန်မှန် ပွင့်လင်းနိုင်တယ်ဆိုရင် 

  • လူတွေနဲ့ ဆက်ဆံရေး ပိုနက်နဲလာမယ်
  • စည်းတွေ ဘောင်တွေ ပိုရှိလာမယ်
  • တစ်ဦးအပေါ် တစ်ဦး အလေးထားမှုရှိလာမယ်
  • မိမိကိုယ်ကို ယုံကြည်အားကိုးမှု ရှိလာမယ်

 

ပွင့်လင်းတယ် ဆိုတာ ပြောချင်ရာကို မစဉ်းစားဘဲ ပြောတဲ့ လူ့ဂွစာဖြစ်စရာ မလိုပါဘူး။ အမှန်အတိုင်း ယဉ်ကျေးစွာ အချိန်ကိုက် ပြောတဲ့ ပွင့်လင်းမှုက ကိုယ်ကိုယ်တိုင်နဲ့ ဘေးကလူတွေ အပေါ် အကျိုးကျေးဇူး အများကြီး ပေးပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ရဲရင့်မှုနဲ့ လူတွေနဲ့ ဆက်ဆံရေးကို အလေးထားမှုတွေကို ပြသတဲ့ အမူအကျင့် တစ်ခုမလို့ မှန်ကန်စွာ ရိုးသားပွင့်လင်းနိုင်ကြပါစေ …