အာဆင်နယ်အသင်းက ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးအသင်းလို့ နည်းပြအာတီတာ ဆို

အာဆင်နယ်အသင်းဟာ PSG အသင်းကို နှစ်ကျော့ပေါင်းရလဒ်(၁-၃)ဂိုးနဲ့ အရေးနိမ့်ကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်က ထွက်ခွာခဲ့ရပြီးနောက် နည်းပြအာတီတာက အာဆင်နယ်အသင်းဟာ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးအသင်းလို့ဖွင့်ဟခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေးကောင်းတွေကို ဖန်တီးနိုင်ခဲ့ပေမယ့် PSG အသင်းဂိုးသမားဒွန်နာရမ်မာရဲ့လက်စွမ်းပြသမှုတွေကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ချင်တဲ့ သူတို့ရဲ့မျှော်လင့်ချက်တွေကို အဆုံးသတ်ခဲ့ရတာပါ။
အာဆင်နယ်အသင်းနည်းပြအာတီတာက "ကျွန်တော်တို့ဟာ ကံမကောင်းစွာနဲ့ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါပြီ။ ကစားသမားတွေအတွက်တော့ ကျွန်တော်အလွန်ဂုဏ်ယူပါတယ်။ ဒီပြိုင်ပွဲမှာ အာဆင်နယ်အသင်းထက် ပိုပြီးကောင်းတဲ့အသင်းကို ကျွန်တော်မမြင်တွေ့ပေမယ့် ကျွန်တော်တို့ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။ ဒွန်နာရမ်မာက နှစ်ပွဲစလုံးမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်"လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာတစ်ခုတည်းသောဆုဖလားမျှော်လင့်ချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရတာကြောင့် ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ရမှာဖြစ်သလို ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်တာ (၅)ရာသီဆက်တိုက်ရှိလာခဲ့တာပါ။ အာဆင်နယ်အသင်းကစားသမားတွေဟာ ဒီထက်ပိုပြီးလိုချင်တာကြောင့် ပွဲအပြီးအဝတ်လဲခန်းထဲမှာ ငိုကြွေးနေခဲ့တယ်လို့ နည်းပြအာတီတာက ဆိုခဲ့ပါတယ်။
PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က အာဆင်နယ်အသင်းဟာ အလွန်ကောင်းမွန်တဲ့အသင်းဖြစ်ပေမယ့် သူတို့ဟာ ဗိုလ်လုပွဲတက်ဖို့ထိုက်တန်ခဲ့ပြီး သွင်းဂိုးတွေလည်း ပိုပြီးသွင်းယူနိုင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ချန်ပီယံလိဂ်ဆုဖလားကို ပထမဆုံးအကြိမ်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ PSG အသင်းဟာ ဘာစီလိုနာအသင်းကို ကျော်ဖြတ်ခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲယှဉ်ပြိုင်ရမှာပါ။
ပြိုင်ပွဲစုံ(၃)ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့တဲ့ အာဆင်နယ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချန်ပီယံလီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ နောက်ထပ်ရှုံးပွဲမကြုံတွေ့နိုင်အောင် ကစားဖို့လိုအပ်နေပြီဖြစ်ပါတယ်။