အာဆင်နယ်အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိဘူးလို့ အော်ဒီဂါဝေဖန်
အာဆင်နယ်အသင်းက ဘုန်းမောက်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂါက အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပွဲမှာ နိုင်ပွဲ(၁)ပွဲသာရရှိပြီး ရလဒ်တွေမကောင်းဖြစ်နေတာကြောင့် အမှတ်ပေးဇယားအဆင့်(၂)နေရာကိုပါ ဆုံးရှုံးရနိုင်တဲ့ အခြေအနေမှာရှိလာခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ကြားရက်က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ PSG အသင်းကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့ပြီးနောက် အခုဘုန်းမောက်အသင်းကိုပါ အရေးနိမ့်ခဲ့လို့ အိမ်ကွင်းမှာ (၂)ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂါက ဘုန်းမောက်အသင်းနဲ့ပွဲက ရလဒ်ကို အကြီးအကျယ်စိတ်ပျက်ပြီး သူတို့ဟာ အလွန်ပေါ့လျော့ခဲ့တယ်လို့ ပွဲအပြီးအင်တာဗျူးမှာဆိုခဲ့တာပါ။
အော်ဒီဂါက "ကျွန်တော်တို့ဟာ ပွဲကိုကောင်းမွန်စွာစတင်နိုင်ခဲ့ပြီး ဂိုးသွင်းပြီးချိန်မှာ အရာအားလုံးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ဂိုးသွင်းပြီးချိန်မှာ ကျွန်တော်တို့ ပွဲကိုထိန်းချုပ်နိုင်ခဲ့ခြင်းမရှိတော့ပါဘူး။ ဒုတိယပိုင်းကတော့ လက်ခံနိုင်စရာကိုမရှိပါဘူး။ ကျွန်တော်တို့ဟာ ပွဲကြီးပွဲကောင်းကစားဖို့ရှိလို့ ဆက်သွားရမှာပါ"လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းနည်းပြအာတီတာက သူတို့ဟာ ပရီးမီးယားလိဂ်ထိပ်ဆုံး(၅)သင်းထဲဝင်ရောက်ပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာအောင်အလုပ်လုပ်ရဦးမယ်လို့ ဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲအရေးနိမ့်မှုကြောင့် အမှတ်ပေးဇယားအဆင့်(၃)နေရာက မန်စီးတီးအသင်းနဲ့ (၃)မှတ်သာကွာဟတော့သလို အဆင့်(၄)နေရာက နယူးကာဆယ်အသင်းက ဒီနေ့ကစားမယ့်ပွဲမှာ ဘရိုက်တန်အသင်းကို အနိုင်ရခဲ့ရင် (၂)မှတ်သာကွာဟတော့မှာပါ။ အာဆင်နယ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ် လီဗာပူးလ်၊ နယူးကာဆယ်အသင်းတို့နဲ့ ပွဲကြပ်တွေယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။
အာဆင်နယ်အသင်းနည်းပြအာတီတာက ဘုန်းမောက်အသင်းနဲ့ပွဲစဉ်က ဒေါသတွေ၊ စိတ်ပျက်မှုတွေကို PSG အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာ အသုံးချဖို့ ကစားသမားတွေကို တိုက်တွန်းခဲ့ပါတယ်။