အာဆင်နယ်အသင်းက PSV အသင်းနဲ့ (၂-၂)ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်အပြီးမှာ စပိန်လူမျိုးနည်းပြအာတီတာက အာဆင်နယ်အသင်းဟာ ကွာတားဖိုင်နယ်မှာ တွေ့ဆုံရမယ့် လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ယူနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ PSV အသင်းကို နှစ်ကျော့ပေါင်းရလဒ် (၉-၃)ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ( ၂)ရာသီဆက်တိုက် တက်နိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာတီတာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၂)ရာသီဆက်တိုက်ကွာတားဖိုင်နယ်တက်ဖို့ ခက်ခဲပေမယ့် အခုအချိန်မှာ သူတို့ဟာ နောက်ထပ်အဆင့်ကို တက်လှမ်းချင်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့တာပါ။

အာတီတာက "ကျွန်တော်တို့ နောက်ထပ်တစ်ဆင့်ကိုတက်ချင်ပါတယ်။ ဒါကအရေးကြီးပါတယ်၊ ဘာလို့လဲဆိုရင် ကျွန်တော်တို့ဟာ အနိုင်ရချင်ပြီး ကလပ်ကလည်း ဒါကိုလိုအပ်နေတာပါ။ ကျွန်တော်တို့ဟာ အကောင်းဆုံးဖြစ်ချင်ပြီး ကမ္ဘာ့အကောင်းဆုံးတွေနဲ့ ယှဉ်ပြိုင်ချင်ပါတယ်"လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ အမှတ်ကွာဟမှုကို လျှော့ချချင်တယ်ဆိုရင် အနိုင်ရယူဖို့ လိုအပ်နေပါတယ်။