မနေ့က အာဆင်နယ်(၃-ဝ)ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်အပြီးမှာ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်က အာဆင်နယ်အသင်းကို (၃)ဂိုးပဲပေးပြီး အရေးနိမ့်ခဲ့တဲ့အတွက် ရီးရဲလ်မက်ဒရစ်အသင်း ကံကောင်းခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီပွဲမှာဂိုးသမားကော်တိုအာရဲ့လက်စွမ်းပြသမှုတွေကြောင့်သာ အာဆင်နယ်အသင်းကို ဒီထက်ပိုများတဲ့ ဂိုးအရေအတွက်နဲ့ အရေးမနိမ့်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဘယ်လင်ဂမ်က အာဆင်နယ်အသင်းဟာ ဒီပွဲမှာ အလွန်ကောင်းမွန်ခဲ့တာကြောင့် အခုရလဒ်ထက်ပိုပြီးဆိုးသွားနိုင်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ ဘယ်လင်ဂမ်က ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒုတိယအကျော့မှာ အာဆင်နယ်အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ချင်တယ်ဆိုရင် မယုံနိုင်လောက်အောင်ထူးခြားတဲ့ အရာတစ်ခုကို လုပ်ဖို့လိုအပ်တယ်လို့ ဝန်ခံခဲ့တာပါ။

ဘယ်လင်ဂမ်က "ဖရီးကစ်သွင်းဂိုး(၂)ဂိုးလုံးက အလွန်ကောင်းမွန်ပါတယ်။ ရိုးရိုးသားသားပြောရရင် သူတို့ဒီထက်ပိုပြီး သွင်းဂိုးတွေရနိုင်ပါတယ်။ ဒါပေမယ့် ဒုတိယအကျော့မိနစ်(၉၀)ကစားဖို့ရှိသေးတဲ့အတွက် ဘာတွေဖြစ်လာမလဲဆိုတာ ခင်ဗျားတို့ဘယ်တော့မှမသိနိုင်ပါဘူး။ မယုံနိုင်လောက်အောင် ထူးခြားတဲ့အရာတစ်ခုလုပ်ရမှာပါ"လို့ Amazon Prime ကိုဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီကလည်း ဒုတိယအကျော့ပွဲစဉ်က အလွန်ခက်ခဲမှာဖြစ်ပေမယ့် ကြိုးစားသွားမယ်လို့ ဆိုခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လာလီဂါပွဲစဉ်မှာ ဗလင်စီယာအသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ပြီးနောက် (၂)ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။ ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်ကို ဧပြီ(၁၆)ရက်နေ့မှာ ဘာနေဗျူးကွင်းအတွင်း ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။