အာဆင်နယ်ကို ဆီမီးဖိုင်နယ်မှာ ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ ရင်ဆိုင်ရမယ့် PSG
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)
PSG (၂-၁)အာဆင်နယ်
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)မှာ အီတလီဂိုးသမားဒွန်နာရမ်မာကို မကျော်ဖြတ်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒုတိယအကျော့ PSG (၂-၁)အာဆင်နယ်ပွဲမှာလည်း ဒွန်နာရမ်မာရဲ့လက်စွမ်းပြမှုတွေကြောင့် သေချာပေါက်ရနိုင်တဲ့ဂိုးတွေကို ဆုံးရှုံးခဲ့ရပြီး ချေပဂိုးတစ်ဂိုးနဲ့သာကျေနပ်ခဲ့ရပါတယ်။
ပထမအကျော့တုန်းက အာဆင်နယ်အသင်းရဲ့ကန်ချက်တွေကို ကာကွယ်မှု(Save)(၈)ကြိမ်လောက်လုပ်ခဲ့တဲ့ ဒွန်နာရမ်မာက ဒုတိယအကျော့မှာလည်း Save (၈)ကြိမ်လောက်နဲ့ထပ်ကာကွယ်သွားခဲ့ပြီး အာဆင်နယ်ပရိသတ်တွေကို မချင့်မရဲဖြစ်စေခဲ့ပါတယ်။

ဒီပွဲမှာ အားလုံးမျှော်လင့်ခဲ့တဲ့အတိုင်း အာဆင်နယ်အသင်းက အကောင်းဆုံးတိုက်စစ်ဆင်မှုတွေနဲ့ အကြိမ်(၂၀)လောက် ကန်သွင်းခဲ့ပေမယ့် ဒွန်နာရမ်မာနဲ့ PSG နောက်တန်းရဲ့ပိတ်ဆို့ကာကွယ်မှုတွေကြောင့် ပွဲချိန်(၇၆)မိနစ်မှာ ဆာကာ သွင်းယူခဲ့တဲ့တစ်ဂိုးသာရခဲ့တာပါ။

PSG အတွက်ဂိုးတွေကိုတော့ ကွင်းလယ်လူဖေဘီယန်ရုဇ်က ပွဲချိန်(၂၇)မိနစ်မှာအဖွင့်ဂိုး၊ ဟာကီမီက ပွဲချိန်(၇၂)မိနစ်မှာ ဒုတိယဂိုးသွင်းယူခဲ့ပြီး ပွဲချိန်(၆၉)မိနစ်မှာ ဗီတင်ညာသွင်းယူခဲ့တဲ့ ပယ်နယ်တီကိုတော့ အာဆင်နယ်ဂိုးသမားရေယာက ကာကွယ်နိုင်ခဲ့ပါတယ်။
PSG အသင်းဟာ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်အသင်း(၄)သင်းဖြစ်တဲ့ မန်စီးတီး(အုပ်စုအဆင့်)၊ လီဗာပူးလ်(Round of 16)၊ ဗီလာ(ကွာတားဖိုင်နယ်)၊ အာဆင်နယ်(ဆီမီးဖိုင်နယ်)တို့ကို အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် အသင်းမှာ ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမား(၃)ဦးဖြစ်တဲ့ နေမာ၊ မက်ဆီ၊ ဘာပေတို့ အစုံအလင်ရှိစဉ်က ချန်ပီယံလိဂ် Round of 16 အဆင့်ကို မကျော်နိုင်ခဲ့တဲ့ PSG အသင်းအနေနဲ့ ဒီကစားသမား(၃)ဦးလုံးမရှိချိန်မှဘဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး ချန်ပီယံဆုမျှော်လင့်ခွင့်ရှိနေတာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့က Allianz Arena မှာ အခုလကုန် မေ(၃၁)ရက်နေ့မှာ ကစားသွားမှာဖြစ်ပြီး PSG နဲ့ အင်တာမီလန်အသင်းတို့ ကစားမှာဖြစ်လို့ PSG အနိုင်ရပြီး ချန်ပီယံအသင်းသစ်ပေါ်မလား ... ၂၀၁၀ နောက်ပိုင်း ချန်ပီယံဆုကို အင်တာမီလန်တစ်ကျော့ပြန်ယူမလားဆိုတာ ပရိသတ်တွေ ရင်ခုန်ရဦးမှာပါ။