ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းနဲ့ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ နောက်ခံလူ ရူဒီဂါပွဲပယ်ခံရမှာကို စိုးရိမ်နေပါတယ်။
အက်သလက်တီကိုမက်ဒရစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် Round of 16 (ဒုတိယအကျော့)ပွဲစဉ်အပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဗင်နီစီယပ်စ်၊ ဘာပေ၊ ရူဒီဂါနဲ့ ဆီဘယ်လော့စ်တို့ရဲ့အပြုအမူနဲ့ပတ်သက်ပြီး UEFA ကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
ဘာပေဟာ သူ့ရဲ့လိင်အင်္ဂါကို ဆုပ်ကိုင်ပြီးအောင်ပွဲခံခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ဗင်နီစီယပ်စ်က ပွဲချိန်အတွင်းမှာရော ပွဲအပြီးမှာပါ အက်သလက်တီကိုမက်ဒရစ်အသင်းပရိသတ်တွေနဲ့ပြဿနာဖြစ်ခဲ့ပါတယ်။ ရူဒီဂါက လည်ချောင်းကိုလှီးဖြတ်တဲ့အမူအရာပြုလုပ်ခဲ့ပြီး ဆီဘယ်လော့စ်ဟာ ပရိသတ်ကို စော်ကားတဲ့အမူအရာပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ UEFA ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကစားသမား(၄)ဦးနဲ့ပတ်သက်ပြီး ဒီသောကြာနေ့မှာ စီရင်ချက်ချဖို့ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီကစားသမား(၄)ဦးထဲမှာ အဆိုးရွားဆုံးနဲ့ အထင်ရှားဆုံးအပြုအမူကိုပြုလုပ်ခဲ့တဲ့ ရူဒီဂါပွဲပယ်ခံရမှာကို စိုးရိမ်နေတာပါ။
စပိန်သတင်းစာမာကာက ရူဒီဂါရဲ့အမူအရာဟာ ပြိုင်ဘက်ပရိသတ်တွေကို ခြိမ်းခြောက်မှုရှိတယ်လို့ယူဆပြီး အခြားကစားသမား(၃)ဦးနဲ့ ကွဲပြားတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ရူဒီဂါဟာ ဒဏ်ကြေးငွေ ဒါမှမဟုတ် ဆိုင်းငံ့ပွဲပယ်ပြစ်ဒဏ်ခံရဖွယ်ရှိတယ်လို့ သတင်းတွေကဖော်ပြခဲ့ပေမယ့် UEFA က ထိရောက်တဲ့ပြစ်ဒဏ်အဖြစ် တစ်ပွဲပယ် ပြစ်ဒဏ်ချလိုက်မှာကို ရီးရဲလ်မက်ဒရစ်အသင်းက စိုးရိမ်နေတာဖြစ်ပါတယ်။
ဗင်နီစီယပ်စ်၊ ဘာပေနဲ့ ဆီဘယ်လော့စ်တို့ကတော့ ပွဲပယ်ပြစ်ဒဏ်ထက် ဒဏ်ကြေးငွေနဲ့ ဆိုင်းငံ့ပွဲပယ်ပြစ်ဒဏ်သာ ချမှတ်ခံရဖွယ်ရှိနေကြောင်း သိရပါတယ်။
Discussion