အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဘာပေနဲ့ ရူဒီဂါ ပါဝင်ကစားခွင့်ရရှိမယ်လို့ UEFA အတည်ပြု

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ရီးရဲလ်မက်ဒရစ်အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူးဘာပေနဲ့ နောက်ခံလူရူဒီဂါတို့ဟာ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ကို ပါဝင်ကစားခွင့်ရရှိမယ်လို့ အတည်ပြုခဲ့ပါတယ်။

ဘာပေနဲ့ ရူဒီဂါတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေဖြစ်တဲ့ တောင်ပံကစားသမား ဗင်နီစီယပ်စ်၊ကွင်းလယ်လူ ဆီဘယ်လော့စ်တို့နဲ့အတူ UEFA စည်းကမ်းထိန်းသိမ်းရေးကော်မတီရဲ့စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်ခဲ့ရပြီး သူတို့နှစ်ဦးအနေနဲ့ ပွဲပယ်ခံရဖွယ်ရှိတယ်လို့ သတင်းတွေထွက်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့အဓိက ကစားသမား(၄)ဦးဟာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်အပြီးမှာ အောင်ပွဲခံခဲ့တဲ့အပြုအမူတွေအပေါ် UEFA က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းပရိသတ်တွေကို မဖွယ်မရာပြုလုပ်ပြခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ သူတို့(၄)ဦးထဲမှာ ဘာပေနဲ့ ရူဒီဂါတို့ဟာ ပွဲပယ်ခံရနိုင်မယ့် အန္တရာယ်ရှိခဲ့တာပါ။

ရူဒီဂါဟာ လည်ချောင်းလှီးဖြတ်ပြတဲ့အမူအရာပြုလုပ်ခဲ့ပြီး ဘာပေက သူ့ရဲ့လိင်အင်္ဂါကို ဆုပ်ကိုင်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် UEFA ဟာ သူတို့(၄)ဦးစလုံးကို အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ခွင့်ပေးဖို့ဆုံးဖြတ်ခဲ့ပြီး (၃)ဦးကို ဒဏ်ကြေးငွေချမှတ်ခဲ့တာပါ။ ဘာပေနဲ့ ရူဒီဂါကို ဆိုင်းငံ့(၁)ပွဲပယ်နဲ့ ရူဒီဂါကို ဒဏ်ကြေးငွေယူရို(၄၀,၀၀၀)၊ ဘာပေကို ဒဏ်ကြေးငွေယူရို(၃၀,၀၀၀)ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဆီဘယ်လော့စ်ကို ဒဏ်ကြေးငွေယူရို(၂၀,၀၀၀)ချမှတ်ခဲ့ပြီး ဗင်နီစီယပ်စ်ကတော့ အရေးယူခံရခြင်းကနေ လွတ်မြောက်ခဲ့တာပါ။ အဲ့ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ကို အဓိက ကစားသမားတွေအစုံအလင်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။