အာဆင်နယ်-PSG ပွဲက အာဆင်နယ် ပရိသတ်တွေရဲ့အားပေးမှုကို ဝိန်းရွန်နီဝေဖန်
မနေ့က အာဆင်နယ်(ဝ-၁)PSG ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ အာဆင်နယ်ပရိသတ်တွေရဲ့အားပေးမှုဟာ ငြိမ်သက်နေတယ်လို့ ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ မန်ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်နီက ဝေဖန်ခဲ့ပါတယ်။
အာဆင်နယ်ပရိသတ်တွေဟာ ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကစားသမားတွေစိတ်ဓါတ်ပိုင်းပိုအားကောင်းလာအောင် အားပေးမှုတွေပြုလုပ်ခဲ့ပေမယ့် ဒီပွဲမှာ တိတ်ဆိတ်နေတဲ့အပေါ် ဝိန်းရွန်နီက ထောက်ပြခဲ့တာပါ။
အာဆင်နယ်အသင်းနည်းပြအာတီတာဟာ ဒီပွဲမတိုင်မီပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ပရိတ်သတ်တွေရဲ့အကြီးအကျယ်အားပေးမှုကို လိုချင်တယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းဟာ ဒီပွဲမှာ PSG အသင်းကို စောစီးစွာသွင်းဂိုးခွင့်ပြုခဲ့ရတာကြောင့် ပရိသတ်တွေကို တိတ်ဆိတ်သွားစေခဲ့တာပါ။ ဝိန်းရွန်နီက အာဆင်နယ်ပရိသတ်တွေရဲ့အားပေးမှုအသံပျောက်ဆုံးနေမှုကို သူစိတ်ပျက်မိတယ်လို့ ဆိုခဲ့ပါတယ်။
ဝိန်းရွန်နီက "ဒီပွဲမှာ အာဆင်နယ်အသင်းရဲ့ကစားပုံနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို စိတ်ပျက်မိပါတယ်။ မက်ဒရစ်နဲ့ပွဲတုန်းက သူတို့ရဲ့အားပေးမှုက အလွန်ကောင်းမွန်ခဲ့ပေမယ့် ဒီပွဲမှာတော့ အာဆင်နယ်ပရိသတ်တွေရဲ့အားပေးမှုက လုံလောက်မှုမရှိပါဘူး။ ကစားသမားတွေက အကူအညီလိုပါတယ်။ မက်ဒရစ်နဲ့ပွဲတုန်းက ပရိသတ်တွေဟာ ကြီးမားတဲ့စွမ်းအင်တွေကိုပေးခဲ့ပေမယ့် ဒီပွဲမှာတူညီတဲ့စွမ်းအင်မပေးခဲ့ပါဘူး။ ဒါက ခြားနားမှုကိုဖြစ်စေခဲ့တာပါ"လို့ Amazon Prime မှာဆိုခဲ့တာပါ။
ဒါ့အပြင် ဝိန်းရွန်နီက အာဆင်နယ်အသင်းဟာ စိတ်ပိုင်းဆိုင်ရာကြောက်ရွံ့မှုတွေကို ခံစားနေရတယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းနည်းပြအာတီတာက မိမိတို့အနေနဲ့ PSG အသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲကိုတက်နိုင်ဖို့အတွက် ထူးခြားတဲ့အရာတစ်ခုခုလုပ်ပြဖို့လိုအပ်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဝန်ခံခဲ့ပါတယ်။