အာဆင်နယ်ရဲ့တည်ကန်ဘောခြိမ်းခြောက်မှုတွေကို ရီးရဲလ်မက်ဒရစ်စိုးရိမ်မှုရှိတယ်လို့ ကော်တိုအာဝန်ခံ
ဒီနေ့ကစားမယ့် အာဆင်နယ်-ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဘယ်လ်ဂျီယံဂိုးသမား ကော်တိုအာက ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းရဲ့တည်ကန်ဘောခြိမ်းခြောက်မှုတွေကို စိုးရိမ်မှုရှိတာကြောင့် ဒါကိုကာကွယ်နိုင်ဖို့ လုပ်ဆောင်ထားတယ်လို့ ဝန်ခံခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီရာသီမှာ တည်ကန်ဘောတွေကို ကာကွယ်နိုင်မှုအားနည်းပြီး ထောင်ကန့်ဘောကနေတဆင့် သွင်းဂိုး(၁၀)ဂိုးအထိ ခွင့်ပြုထားရတာပါ။
အာဆင်နယ်အသင်းဟာ တည်ကန်ဘောနည်းပြခန့်အပ်ထားမှုနဲ့အတူ ဒီရာသီမှာ တည်ကန်ဘောကနေ သွင်းဂိုးအများအပြားသွင်းယူထားပြီး ဒါကိုအားသာချက်အဖြစ် အသုံးပြုနေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ လာလီဂါပွဲစဉ်မှာလည်း ထောင့်ကန်ဘောကနေ သွင်းဂိုးခွင့်ပြုခဲ့ရပေမယ့် အာဆင်နယ်အသင်းနဲ့ပွဲမှာတော့ တည်ကန်ဘောကနေ သွင်းဂိုးမပေးရအောင် လုပ်ဆောင်နိုင်မယ်လို့ ဂိုးသမားကော်တိုအာက ယုံကြည်မှုရှိနေတာပါ။
ကော်တိုအာက "ကျွန်တော်တို့ဟာ သူတို့ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိပါတယ်။ ပထမအချက်ကတော့ ထောင့်ကန်ဘောတွေအများကြီးခွင့်မပြုဖို့ပါ။ ဘောလုံးက ကောင်းမွန်စွာနဲ့ရောက်လာရင် ကာကွယ်ဖို့ခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီအတွက်အဆင်သင့်ဖြစ်နေပြီး ကျွန်တော်တို့ပြင်ဆင်ထားတဲ့အရာက ကျွန်တော်တို့အတွက် ကောင်းမွန်မယ်ဆိုတာ ယုံကြည်မှုရှိတယ်"လို့ ဆိုခဲ့ပါတယ်။
အာဆင်နယ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ၂၀၀၅-၀၆ ရာသီနောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်တွေ့ဆုံတာဖြစ်ပြီး အဲဒီအချိန်တုန်းက Round of 16 မှာ အာဆင်နယ်အသင်းက အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။