လီဗာပူးလ်အသင်းနည်းပြအာနီဆလော့အတွက် ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်က ဆီနဲ့ရေလို ကွာခြားမှုကြီးမားတယ်လို့ ဆိုရမလိုပါပဲ။
၂၀၂၄ ခုနှစ်အတွင်းတစ်နှစ်လုံးမှာ သူ့အနေနဲ့ ရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ခဲ့ရပေမယ့် ၂၀၂၅ ခုနှစ်ထဲမှာတော့ မတ်လလယ်ပိုင်းကို အရောက်မှာပဲ ရှုံးပွဲ(၅)ပွဲအထိ ကြုံတွေ့နေရတာကြောင့်ပါ။
ဒီနှစ်အတွင်း ရှုံးပွဲ(၅)ပွဲထဲမှာ (၃)ပွဲကတန်ဖိုးကြီးမားခဲ့ပြီး သူ့ရဲ့လီဗာပူးလ်အသင်းကို ဖလားပြိုင်ပွဲ(၃)ခုက ကန်ထုတ်လိုက်သလို လွင့်ထွက်သွားစေခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာ အာနီဆလော့အနေနဲ့ အရင်အသင်းဖြစ်တဲ့ ဖီယင်နုအသင်းမှာ တစ်ပွဲမှမရှုံးအောင် စွမ်းဆောင်နိုင်ခဲ့ပြီး လီဗာပူးလ်အသင်းမှာလည်း နော်တင်ဂမ်ဖောရက်စ်တစ်သင်းတည်းကိုသာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲတွေ့ခဲ့တာပါ။

၂၀၂၄ ခုနှစ်အတွင်း သူ့ရဲ့ဖီယင်နုအသင်းက နယ်သာလန်လိဂ်မှာ ရှုံးပွဲမရှိခဲ့သလို၊ ယူရိုပါလိဂ်ပြိုင်ပွဲကထွက်ခဲ့ရပေမယ့် ပြိုင်ဘက်ရိုးမားအသင်းကို နှစ်ကျော့စလုံးမရှုံးခဲ့ဘဲ (၁-၁)ဂိုးနဲ့ သရေကျခဲ့ပြီးမှ ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးခဲ့ရတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းမှာလည်း ပထမရာသီဝက် ရလဒ်ကောင်းတွေကြောင့် နည်းပြသစ်အာနီဆလော့လက်ထက်မှာ လီဗာပူးလ်ပရိသတ်တွေအနေနဲ့ ဖလား(၄)လုံးမျှော်လင့်ချက်အထိ အိပ်မက်မက်နိုင်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ် နှစ်စပိုင်း (၃၆)ရက်အတွင်းမှာ ဖလားပြိုင်ပွဲ(၃)ခုကနေ တစ်ခုပြီးတစ်ခု ထွက်ခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ စပါးကို လိဂ်ဖလားဆီမီးဖိုင်နယ်မှာရှုံး၊ ပလိုင်မောက်ကို FA ဖလားစတုတ္ထအဆင့်မှာ ရှုံး၊ PSV ကို ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲမှာရှုံး၊ PSG ကို ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်မှာပယ်နယ်တီနဲ့ ရှုံးခဲ့ပြီး အခုနောက်ဆုံး နယူးကာဆယ်အသင်းကို လိဂ်ဖလားဗိုလ်လုပွဲမှာ ရှုံးခဲ့တာဖြစ်ပါတယ်။
၂၀၂၅ နှစ်စမှာပဲ ရှုံးပွဲအရေအတွက်များများရင်ဆိုင်နေရတဲ့ အာနီဆလော့အနေနဲ့ ဒီနှစ်ထဲမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုတော့ ရယူဖို့ သေချာနေပြီး ဒီဖလားနဲ့ ကံမကောင်းခြင်းတွေကို အဆုံးသတ်နိုင်မလားဆိုတာကြည့်ရမှာပါ။
Discussion