ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုလာမယ့်နွေရာသီမှာ လီဗာပူးလ်အသင်းနဲ့စာချုပ်ကုန်ဆုံးမယ့် အင်္ဂလန်ညာနောက်ခံလူ အာနိုးလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ယုံကြည်မှုရှိနေပါတယ်။

စပိန်ရှိမီဒီယာတွေက အာနိုးလ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့အပြောင်းအရွှေ့ဟာ အားလုံးပြီးမြောက်သွားပြီလို့ ဖော်ပြထားတာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အာနိုးလ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ လီဗာပူးလ်အသင်းထံ တိုက်ရိုက်ချဉ်းကပ်မှုပြုလုပ်ခဲ့ပေမယ့် လျင်မြန်စွာငြင်းဆန်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပေါင်သန်း(၂၀)ပေးပြီး အာနိုးလ်ကိုခေါ်ယူဖို့ ဆန္ဒရှိခဲ့ပေမယ့် လီဗာပူးလ်အသင်းဟာ ဒီအချိန်က ပြိုင်ပွဲ(၄)ခုစလုံးမှာရှိနေတာကြောင့် အာနိုးလ်ကို လက်လွှတ်ဖို့ ဆန္ဒမရှိခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အာနိုးလ်ကို ခေါ်ယူနိုင်ဖို့ အချိန်အတော်ကြာမျှော်လင့်ထားခဲ့ပေမယ့် အသင်းအကြီးအကဲ ပီရက်ဇ်ဟာ လီဗာပူးလ်အသင်းကို လေးစားတာကြောင့် ဘယ်သတင်းကိုမှ လူသိရှင်ကြားချပြခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အာနိုးလ်ဟာ လက်ရှိအချိန်မှာ PSG အသင်းနဲ့ ချန်ပီယံလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူနေရပြီး လာမယ့်ဧပြီလမှပါဝင်ကစားနိုင်ဖွယ်ရှိနေတာပါ။

လီဗာပူးလ်အသင်းဟာ အာနိုးလ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် သဘောတူညီမှုမရခဲ့ဘူးလို့သိရပါတယ်။ အသက်(၆)နှစ်အရွယ်ကတည်းက လီဗာပူးလ်အသင်းအကယ်ဒမီကို ရောက်ရှိလာခဲ့တဲ့ အာနိုးလ်ဟာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း(၃၄၉)ပွဲပါဝင်ကစားထားပြီး (၂၂)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၈၇)ကြိမ်ပြုလုပ်ပြီး ဆုဖလားပေါင်း(၈)ခုရယူထားပါတယ်။