ဒေါသထွက်နေတဲ့ လီဗာပူးလ်ပရိသတ်တွေဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေတဲ့ အင်္ဂလန်ညာနောက်ခံလူ အာနိုးလ်ကို ဒီရာသီလက်ကျန်ပွဲစဉ်တွေမှာ အသုံးမပြုဖို့ လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ကို သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် လီဗာပူးလ်ပရိသတ်တွေဟာ အကယ်ဒမီထွက်အာနိုးလ်ကို ဒုတိယအသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားဖို့ပါ တောင်းဆိုခဲ့ကြပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အာနိုးလ်တို့ဟာ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိထားပြီး အပြီးသတ်နိုင်ဖို့ ဆွေးနွေးမှုပြုလုပ်တာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အာနိုးလ်ကိုခေါ်ယူဖို့ ကာလရှည်ကြာစိတ်ဝင်စားနေတာဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာက ပေါင်သန်း(၂၀)နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာကို လီဗာပူးလ်အသင်းက ပယ်ချခဲ့တာပါ။
လီဗာပူးလ်အသင်းပရိသတ်တွေဟာ အာနိုးလ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့အပြောင်းအရွှေ့သတင်းတွေဆက်တိုက်ထွက်ပေါ်နေတဲ့အပေါ် စိတ်ပျက်နေတာကို သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ ပရိသတ်တစ်ဦးက "ကျွန်တော်သာဆိုရင် အာနိုးလ်ကို ရာသီကုန်အထိ အသုံးပြုမှာမဟုတ်ပါဘူး။ သူ့ကို နှုတ်ဆက်စကားပြောခွင့်ပြုမှာမဟုတ်ဘူး"လို့ ရေးသားကာ နောက်ထပ်တစ်ဦးက "သူ့ကို အောင်ပွဲခံအခမ်းအနားတွေမှာ ပါဝင်ဖို့ခွင့်မပြုပါနဲ့၊ ပွဲတွေကို အိမ်ကနေပဲ ကြည့်ပါစေ"လို့ ရေးသားကာ နောက်ထပ်တစ်ဦးက "သူဟာ ဒဏ်ရာရနေပေမယ့် လီဗာပူးလ်အသင်းအတွက် ပြန်ပါဝင်နိုင်မယ်လို့မထင်ကြောင်း"ရေးသားခဲ့ပါတယ်။
လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၃၄၉)ပွဲပါဝင်ကစားထားတဲ့ အာနိုးလ်ဟာ လက်ရှိအချိန်မှာ PSG အသင်းနဲ့ ချန်ပီယံလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူနေရတာပါ။ လီဗာပူးလ်အသင်းနည်းပြအာနီဆလော့က အာနိုးလ်ဟာ ဒီရာသီမကုန်ခင်မှာ ပြန်ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ ဆိုထားပါတယ်။
Discussion