ကင်ညာဂိုးသမား မာတာစီဟာ အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲမှာ ပေးခဲ့ရတဲ့ဂိုးတွေကြောင့် လုပ်ပွဲပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကင်ညာဘောလုံးအဖွဲ့ချုပ်ရဲ့စုံစမ်းစစ်ဆေးမှုပြုလုပ်တာခံနေရပါတယ်။

ကင်ညာလက်ရွေးစင်အသင်းအတွက် (၂၆)ပွဲပါဝင်ကစားထားတဲ့ အသက်(၃၇)နှစ်အရွယ်ရှိ မာတာစီဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာက ကင်မရွန်းအသင်းကို (၄-၁)ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ ခြေစစ်ပွဲမှာ အသင်းရဲ့ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့တာပါ။

ဒီပွဲမှာ ကင်ညာအသင်းခွင့်ပြုခဲ့ရတဲ့ သွင်းဂိုးတွေဟာ အလွန်လွယ်ကူခဲ့ပြီး ပွဲအပြီးမှာ နည်းပြဖြစ်သူ ဖီရတ်ဟာ ရာထူးကနေ ချက်ချင်းနုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ စပိန်သတင်းစာ မာကာက ကင်ညာဂိုးသမား မာတာစီဟာ ဒီပွဲအတွက် အစီအစဉ်ကို ဆွေးနွေးဖို့ အမည်မသိဖုန်းခေါ်ဆိုသူထံက ဆက်သွယ်မှုကို ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒါကြောင့် ကင်ညာဘောလုံးအဖွဲ့ချုပ်ဟာ မည်သူမဆိုရရှိနိုင်တဲ့ အချက်အလက်တွေကို တောင်းဆိုထားပြီး ပွဲမှာ မာတာစီရဲ့အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးမှုတွေစတင်နေတာပါ။

မာတာစီဟာ ဒီပွဲမှာ ကင်မရွန်းအသင်းသွင်းယူခဲ့တဲ့ ပယ်နယ်တီအဖွင့်ဂိုးမှာ မှားယွင်းတဲ့ဘက်ကို ဖမ်းခဲ့ပြီး ဒုတိယဂိုးသွင်းယူခဲ့တဲ့ဂိုးမှာလည်း ရိုးရှင်းတဲ့ကာကွယ်မှုကိုတောင် ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ အမ်ဘူမိုသွင်းယူခဲ့တဲ့ ကင်မရွန်းအသင်းရဲ့တတိယဂိုးမှာ မာတာစီဟာ ဘောလုံးကိုရပ်တန်ဖို့အတွက် ဒိုင်ဗင်ထိုးခဲ့ခြင်းမရှိတာပါ။ စတုတ္ထဂိုးမှာဆိုရင်လည်း မာတာစီဟာ ဘောလုံးကို ဖမ်းဖို့ဦးစွာထွက်ခဲ့ပေမယ့် သွင်းဂိုးခွင့်ပြုခဲ့ရပါတယ်။

အဲ့ဒါကြောင့် မာတာစီဟာ ကင်ညာဘောလုံးအဖွဲ့ချုပ်ရဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခြင်းခံနေရပြီး နည်းပြသစ်မက္ကာသီဟာ သူ့ရဲ့ပထမဆုံးကင်ညာအသင်းလူစာရင်းမှာ မာတာစီကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။