အာဆင်နယ်အသင်းနည်းပြအာတီတာက အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီကာလမှာ ကြီးမားစွာလှုပ်ရှားဖို့ အသင့်ရှိနေကြောင်း၊ အသင်းအနေနဲ့ နောက်တစ်ဆင့်ကို ဆက်သွားဖို့ လိုအပ်နေကြောင်းပြောလိုက်ပါတယ်။

"အသင်းကို ဒီထက်ပိုအားကောင်းအောင် ကျွန်တော်တို့ကြိုးစားရမှာပါ။ အသင်းရဲ့အရည်အသွေးနဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ပြီး နောက်ထပ်အဆင့်တစ်ဆင့်ကို ကျွန်တော်တို့ဆက်သွားဖို့လိုအပ်ပါတယ်။ လာမယ့်နွေရာသီမှာ ကျွန်တော်တို့ရဲ့ ကြီးမားတဲ့လှုပ်ရှားမှုကို တွေ့ရမှာဖြစ်ပြီး ဒီအတွက်လည်း အရမ်းကို စိတ်လှုပ်ရှားနေပါတယ်"လို့ အာတီတာက ဆိုခဲ့ပါတယ်။

အာတီတာအနေနဲ့ ဒီလိုပြောခဲ့တာ အကြောင်းရှိပါတယ်။ အာဆင်နယ်အသင်းကို အားကစားဒါရိုက်တာအသစ် အန်ဒရီယာဘာတာရောက်ရှိလာခဲ့တာကြောင့် အာတီတာက အသင်းရဲ့ရှေ့ရေးကို ဒီလို ယုံကြည်ချက်ရှိရှိပြောခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းကို အရည်အသွေးရှိကစားသမားတွေ ခေါ်ယူပေးခဲ့တဲ့ ဘာတာဟာ အာဆင်နယ်အသင်းနဲ့ အပြီးသတ်စာချုပ်ခဲ့ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က ပထမဆုံးမီဒီယာတွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။

ဘာတာရောက်ရှိလာခြင်းဟာ အာဆင်နယ်အသင်းအနေနဲ့ ခေါ်ယူလိုတဲ့ပစ်မှတ်ကစားသမားတွေကိ​ု အရခေါ်ယူနိုင်မယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုကို ရရှိစေပါတယ်။

ဘာတာဟာ အရင်အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ဆွာရက်စ်၊ ဒီယေဂိုကော်စတာ၊ ဂရီးဇ်မန်း၊ ဂျော်အိုဖီးလစ်၊ မိုရာတာ၊ အယ်လ်ဗာရက်ဇ်အစရှိတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပြီး သူခေါ်ယူခဲ့တဲ့ကစားသမားတွေက အသင်းအတွက် အကျိုးရှိတဲ့ခေါ်ယူမှုတွေဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ဆွီဒင်တိုက်စစ်မှူးဗစ်တော်ယောကရက်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ဘာတာအနေနဲ့ ယောကရက်စ်ကို ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လာမယ့်နွေရာသီမှာ အသင်းရဲ့တိုက်စစ်ကို အဓိကအားဖြည့်မယ့် အာဆင်နယ်အသင်းဟာ ယောကရက်စ်အပြင် ၀ုလ်ဗ်တောင်ပံတိုက်စစ်ကစားသမားကွန်ညာ၊ ဘီလ်ဘာအိုတောင်ပံကစားသမားနီကိုဝီလီယံစ်၊ PSG တိုက်စစ်မှူးဘာကိုလာ၊ လိုက်ပ်ဇစ်တိုက်စစ်မှူးဆက်ကို၊ နယူးကာဆယ်တိုက်စစ်မှူးအစ်ဆက်ခ်၊ ဘုန်းမောက်တိုက်စစ်မှူးဆီမန်ညိုအစရှိတဲ့ကစားသမားတွေကို လည်း ပစ်မှတ်ထားနေပြီး ဘာတာအနေနဲ့ ဘယ်ကစားသမားတွေကို အရခေါ်ယူပေးနိုင်မလဲ ... အာတီတာသွားချင်နေတဲ့ နောက်တစ်ဆင့်ကို ရောက်ရှိနိုင်ဖို့ ကူညီပေးနိုင်မလားဆိုတာ ကြည့်ရမှာပါ။