အီတလီလူမျိုးနည်းပြအန်ဆယ်လော့တီက နည်းပြဘ၀မှာ ချန်ပီယံလိဂ်ချန်ပီယံဆုဖလား(၅)လုံး၊ ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆု(၃)လုံးအပါအဝင် အီတလီအမှတ်ပေးဖလား၊ အင်္ဂလန်အမှတ်ပေးဖလား၊ ဂျာမန်အမှတ်ပေးဖလား၊ စပိန်အမှတ်ပေးဖလား၊ ပြင်သစ်အမှတ်ပေးဖလားအစရှိတဲ့ ဆုဖလားပေါင်းစုံကို ရယူနိုင်ခဲ့တဲ့နည်းပြတစ်ဦးပါ။
ဒါကြောင့် အောင်မြင်မှုမျိုးစုံရယူထားတဲ့ အန်ဆယ်လော့တီကို ဘောလုံးလောကမှာ အအောင်မြင်ဆုံးနည်းပြလို့ ပြောရင်မမှားနိုင်ပါဘူး။
နောက်တစ်ချိန် ဘောလုံးရာဇဝင်မှာ စာတင်ပြီး ဂန္ထဝင်နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံရဖို့ သေချာနေတဲ့ အန်ဆယ်လော့တီအနေနဲ့ လက်ရှိအချိန်မှာတော့ ဖိအားတွေအောက်ကို ကျရောက်နေပြီး ရာသီကုန်ရင် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မလှမပ ဇာတ်သိမ်းရဖွယ်ရှိနေတဲ့အခြေအနေကို စိုက်ရောက်နေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းကို (၀-၄)ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို စပိန်စူပါဖလားဗိုလ်လုပွဲမှာလည်း ဘာစီလိုနာအသင်းကို (၂-၅)ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။
လာလီဂါချန်ပီယံဆုကို ပြန်ထိန်းသိမ်းဖို့ မသေချာဘဲ လက်ရှိမှာ ဘာစီလိုနာအသင်းရဲ့ ရမှတ်(၄)မှတ်ဖြတ်ဦးဆောင်မှုကို ခံနေရပါတယ်။

အခုလည်းချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)မှာ အာဆင်နယ်အသင်းကို (၀-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် လာလီဂါချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ချန်ပီယံဆုကိုလည်း ဆုံးရှုံးရဖွယ်ရှိနေပါတယ်။
ဒါကြောင့် လက်ရှိအချိန်က နည်းပြအန်ဆယ်လော့တီအပေါ်ဖိအားတွေ တိုးနေချိန်ဖြစ်ပြီး ရာသီကုန်ရင် အသင်းကထွက်ခွာရဖို့ ပိုမိုနီးစပ်လာပြီလို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။
အစကတည်းက အန်ဆယ်လော့တီကို လာမယ့်နွေရာသီမှာ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က ဘရာဇီးလ်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်နေတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သူ့ရဲ့လမ်းခွဲက မထူးဆန်းပေမယ့် ကျရှုံးတဲ့ရာသီတစ်ခုရဲ့အဆုံးသတ်မှာ မလှမပလမ်းခွဲခြင်း ဖြစ်လာမလားဆိုတာ စိုးရိမ်စရာဖြစ်ပါတယ်။

ဒါ့အပြင် အာဆင်နယ်(၃-၀)ရီးရဲလ်မက်ဒရစ်ပွဲမှာ ကွင်းဘေးစည်း Technical Area ထဲကနေ ညွှန်ကြားချက်ပေးနေတဲ့အန်ဆယ်လော့တီရဲ့စကားကို ကွင်းလယ်လူ ဘယ်လင်ဂမ်က လက်မခံလိုတဲ့ အပြုအမူပြခဲ့တာကလည်း ကစားသမားတွေအပေါ် သူ့ရဲ့ဩဇာညောင်းမှုက မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
ဂိုးပြတ်ရလဒ်တွေ ကြုံတွေ့ရတာများလာတော့ နည်းပြရဲ့နည်းစနစ်တွေအပေါ် ကစားသမားတွေက အယုံအကြည်နည်းလာတာလား ... ကြောင်အိုတော့ ကြွက်မလေး ဖြစ်လာတာလားဆိုတာ တွေးစရာပါပဲ။
ဘောလုံးလောကရဲ့အအောင်မြင်ဆုံးနည်းပြတစ်ဦးအတွက် အဆုံးသတ်မလှတဲ့ လမ်းခွဲချိန်တစ်ခုရောက်လာမလား ... ရှောင်လွှဲနိုင်မလားဆိုတာကတော့ ဆက်ကြည့်ရမှာပါပဲ။
Discussion