မနေ့က အဲဗာတန်(၁-၁)အာဆင်နယ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ချန်ပီယံဆုမျှော်လင့်ချက်ကို အဆုံးသတ်သွားစေနိုင်တဲ့ အဲဗာတန်အသင်းဘက်ကို အငြင်းပွားဖွယ်ပယ်နယ်တီပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို အာဆင်နယ်အသင်းနည်းပြအာတီတာက ဒေါသထွက်နေခဲ့ပါတယ်။

ဒီပွဲမှာအာဆင်နယ်အသင်းဟာ တိုက်စစ်ကစားသမား ထရော့ဆာ့ဒ်ရဲ့သွင်းဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ နောက်ခံလူစကယ်လီက အဲဗာတန်တိုက်စစ်ကစားသမား ဟာရစ်ဆန်ကို ဂိုးဧရိယာထဲ ဆွဲချခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီး ဒါရင်းအင်္ဂလန်က ပယ်နယ်တီသတ်မှတ်ခဲ့တာပါ။

ရုပ်သံအနှေးပြကွက်တွေမှာ စကယ်လီနဲ့ ဟာရစ်ဆန်တို့ဟာ တစ်ဦးအင်္ကျီကိုတစ်ဦးဆွဲထားကြပေမယ့် ကွင်းလယ်ဒိုင်လူကြီးက အဲဗာတန်အသင်းကို ပယ်နယ်တီပေးခဲ့တာဖြစ်ပါတယ်။ VAR ဒိုင်လူကြီးဟာ ဒီဖြစ်ရပ်ကို ပြန်စစ်ဆေးခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အတိုင်း အတည်ပြုခဲ့တာပါ။

အဲ့ဒါကြောင့် အန်ဒိုင်ယီက အဲဗာတန်အသင်းအတွက် အဖိုးတန်ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ အာတီတာက ပွဲအပြီး BBC Match of the Day နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ပယ်နယ်တီပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဒေါသထွက်နေခဲ့တာပါ။

အာတီတာက "ကျွန်တော် (၁၀၀)% စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ပွဲကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒိုင်လူကြီးရဲ့ပယ်နယ်တီဆုံးဖြတ်ချက်ကြောင့် ပွဲရဲ့လမ်းကြောင်း ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော်ဒါကို (၁၅)ကြိမ်ကြည့်ခဲ့ပေမယ့် ကျွန်တော့်အမြင်အရဆိုရင် ဒါကလုံး၀ ပယ်နယ်တီမဟုတ်ဘူး"လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရလဒ်ကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းထက် (၁)ပွဲပိုကစားပြီး ရမှတ်(၁၁)မှတ်ကွာဟနေပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ကစားမယ့်ပွဲမှာ အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ်ပွဲစဉ်တွေကစားဖို့(၇)ပွဲသာကျန်ရှိတော့တဲ့အချိန်မှာ အာဆင်နယ်အသင်းကို (၁၄)မှတ်အထိ ဖြတ်ထားနိုင်တော့မှာပါ။ အာဆင်နယ်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။