အစ်ကိုဖြစ်သူရဲ့ခြေရာအတိုင်း ဂျာမနီကိုသွားဖို့ ဖရန့်ဖတ်နဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်ဆွေးနွေး

ဆန်းဒါးလန်းအသင်းရဲ့အင်္ဂလန်လူငယ်ကြယ်ပွင့် ဂျုပ်ဘ်ဘယ်လင်ဂမ်ဟာ အစ်ကိုဖြစ်သူ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူဂျုဒ်ဘယ်လင်ဂမ်ရဲ့ခြေရာအတိုင်း ဂျာမနီမှာ ကစားဖို့အတွက် ဖရန့်ဖတ်အသင်းနဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။ အသက်(၁၉)နှစ်အရွယ်ရှိ ဂျုပ်ဘ်ဘယ်လင်ဂမ်ဟာ ဆန်းဒါးလန်းအသင်း လာမယ့်ရာသီပရီးမီးယားလိဂ်ထံ တန်းတက်နိုင်ဖို့ အဓိကစွမ်းဆောင်နိုင်ခဲ့တဲ့ သူတွေထဲက တစ်ဦးပါ။
ဖရန့်ဖတ်အသင်းဟာ ဒေါ့မွန်အသင်းနဲ့ ဆွေးနွေးမှုပြုလုပ်ထားတဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ အလွန်စိတ်အားထက်သန်နေတဲ့ ဂျာမနီကလပ်(၃)သင်းထဲက (၁)သင်းဖြစ်ပါတယ်။ ဂျုပ်ဘ်ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ လိုက်ပ်ဇစ်အသင်းကလည်း စိတ်ဝင်စားနေတာပါ။ ဂျုပ်ဘ်ဘယ်လင်ဂမ်ဟာ ဒီရက်သတ္တပတ်အပြီးမှာ သူနောက်ထပ်ပြောင်းရွှေ့မယ့်အသင်းကို ဆုံးဖြတ်ဖို့ ရှိနေပါတယ်။
ဂျူပ်ဘ်ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြားလည်း စိတ်ဝင်စားနေကြပေမယ့် သူကတော့ အစ်ကိုဖြစ်သူဂျုဒ် ဂျာမနီမှာ အောင်မြင်ခဲ့တဲ့ပုံစံအတိုင်းလိုက်ပြီးလုပ်နိုင်ဖို့ ပြင်ဆင်နေတာပါ။ ဂျုဒ်ဘယ်လင်ဂမ်ဟာ ဒေ့ါမွန်အသင်းမှာ (၃)နှစ်ကြာကစားပြီးနောက် လက်ရှိကစားနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဖရန့်ဖတ်အသင်းကတော့ ဂျုပ်ဘ်ဘယ်လင်ဂမ်ကို အသင်းထံလာရောက်နိုင်အောင် ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဆန်းဒါးလန်းအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလကတည်းက ဂျုပ်ဘ်ကိုခေါ်ယူဖို့ အသင်းအများအပြားက စိတ်ဝင်စားနေတာကို သတိပြုမိခဲ့တာပါ။ ဆန်းဒါးလန်းအသင်းဟာ ဂျုပ်ဘ်ဘယ်လင်ဂမ်ကို အသင်းမှာဆက်ထိန်းသိမ်းချင်နေပေမယ့် ထိုက်တန်တဲ့ပြောင်းရွှေ့ကြေးပမာဏရရင် ထွက်ခွာခွင့်ပြုဖို့ရှိနေတာဖြစ်ပါတယ်။