လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ မန်ယူနိုက်တက်အသင်းဟာ အစ်ဝစ်ချ်အသင်းတိုက်စစ်မှူး ဒီလပ်ကို အဓိကတိုက်စစ်မှူးပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။
အစ်ဝစ်ချ်အသင်းဟာ ပရီးမီးယားလိဂ်က တန်းဆင်းခဲ့ရင် ဒီလပ်ကို စာချုပ်ဖျက်သိမ်းကြေး(Release Clause) ပေါင်သန်း(၄၀)ဝန်းကျင်နဲ့ ခေါ်ယူလို့ရတဲ့ အချက်ရှိတာကြောင့် မန်ယူနိုက်တက်အသင်းဟာ ဒီပြောင်းရွှေ့ကြေးပမာဏပေးပြီး ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတာပါ။
မန်ယူနိုက်တက်အသင်းဟာ ဂါလာတာစာရေးအသင်းမှာ အငှားကစားနေတဲ့ အိုစီမန်၊ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယောကရက်စ်နဲ့ ဖရန့်ဖတ်တိုက်စစ်မှူး ဟူဂိုအီကီတီကီတို့ကိုလည်း သူတို့ရဲ့တိုက်စစ်မှူးပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပေမယ့် ဒီလပ်ကို ခေါ်ယူဖို့ ပိုပြီးစိတ်ဝင်စားနေတာဖြစ်ပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိ ဒီလပ်ဟာ ဒီရာသီမှာ အစ်ဝစ်ချ်အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၂)ဂိုးသွင်းယူထားပေမယ့် အသင်းဟာ လာမယ့်ရာသီချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းပြန်ဆင်းဖို့ နီးစပ်နေတာပါ။
မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ သွင်းဂိုးတွေပျောက်ဆုံးခဲ့ပြီးနောက် တိုက်စစ်မှူးလိုအပ်ချက်ရှိနေတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒီလပ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့် သူ့ရဲ့အသင်းဟောင်း မန်စီးတီးအသင်းဟာ သူ့ကို ပေါင်သန်း(၂၀)နဲ့ ပြန်လည်ခေါ်ယူဖို့ ရွေးချယ်ခွင့်ရှိနေပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းမှာ အဓိကတိုက်စစ်မှူးဟာလန်းရှိနေပြီး ဒီလပ်ကလည်း ပုံမှန်ကစားခွင့်ရရှိချင်တာကြောင့် မန်စီးတီးအသင်းဟာ သူ့ကိုပြန်လည်ခေါ်ယူဖွယ်မရှိဘူးလို့ သိရပါတယ်။
ဒီလပ်နဲ့ မန်ယူနိုက်တက်အသင်းနည်းစနစ်ဒါရိုက်တာ ဝီလ်ကော့စ်တို့ဟာ မန်စီးတီးအသင်းမှာ အတူလက်တွဲခဲ့ပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိနေတာပါ။ ချယ်လ်ဆီး၊နယူးကာဆယ်နဲ့ လီဗာပူးလ်အသင်းတို့ကလည်း ဒီလပ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် မန်ယူနိုက်တက်အသင်းအနေနဲ့ ဒီလပ်ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။
Discussion