အော်ဒီဂါရဲ့ညွှန်ကြားမှုကို လျစ်လျူရှုပြီး ဆာကာရဲ့အကြံပေးချက်နဲ့ ပထမဆုံးဖရီးကစ်ဂိုးကိုသွင်းယူခဲ့တယ်လို့ ဒက်ကလန်ရိုက်စ်ဖွင့်ဟ

အာဆင်နယ်အသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ဖရီးကန်ချက်ကနေ လှပတဲ့သွင်းဂိုး(၂)ဂိုးသွင်းယူခဲ့တဲ့ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က သူဟာ ပထမဆုံးဖရီးကစ်ဂိုးမှာ အသင်းခေါင်းဆောင် အော်ဒီဂါရဲ့ညွှန်ကြားမှုကို လျစ်လျူရှုပြီး ဆာကာရဲ့အကြံပေးချက်အတိုင်း ကန်သွင်းခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ ဖရီးကစ်ကနေတိုက်ရိုက်သွင်းဂိုးကို ပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ ဒက်ကလန်ရိုက်စ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးခံစားချက်ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

ဒက်ကလန်ရိုက်စ်က "အော်ဒီဂါက ဖြတ်တင်ဘောတင်ဖို့ပြောခဲ့ပြီး ဒါက အဓိပ္ပါယ်မရှိဘူးလို့ ကျွန်တော်ပြန်ပြောခဲ့ပါတယ်။ တည်ကန်ဘောနည်းပြဂျိုဗာကလည်း ဖြတ်တင်ဘောတင်ဖို့ပဲ ပြောခဲ့ပြီး ဒါကအဓိပ္ပါယ်မရှိပါဘူး။ ဆာကာကတော့ မင်းကန်လို့အဆင်ပြေရင် ကန်လိုက်လို့ပြောခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်လည်း လူတံတိုင်းနဲ့ဂိုးသမားကို ကြည့်ပြီး ကန်ဖို့ဖြစ်သွားခဲ့ပါတယ်"လို့ ဆိုခဲ့ပါတယ်။

ဒက်ကလန်ရိုက်စ်က သူတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူချင်တာကြောင့် ဒုတိယအကျော့မှာ ခံစစ်ကစားမှာမဟုတ်ဘဲ တိုက်စစ်ဆင်ပြီး ဆီမီးဖိုင်နယ်ကို ရောက်ရှိချင်တယ်လို့ ဆိုခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲဆီမီးဖိုင်နယ်ကို မတက်ရောက်နိုင်တော့တာကြောင့် ဒီရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်ရောက်ရှိနိုင်ဖို့မျှော်လင့်နေပြီး ဆုဖလားရယူနိုင်ဖို့ပါ ပစ်မှတ်ထားနေပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဧပြီ(၁၂)ရက်မှာ ဘရန်ဖိုဒ့်အသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။