အော်လ်မိုနဲ့ဗစ်တာတို့ ရာသီကုန်အထိ ဘာစီလိုနာအသင်းမှာကစားဖို့ CSD ခွင့်ပြုခဲ့

စပိန်အမျိုးသားအားကစားကောင်စီ(CSD)က စပိန်ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ အော်လ်မိုနဲ့ဗစ်တာတို့ကို ဒီရာသီကုန်အထိ ဘာစီလိုနာအသင်းအတွက် ကစားဖို့ခွင့်ပြုခဲ့ပါတယ်။

လာလီဂါအဖွဲ့ချုပ်ဟာ အော်လ်မိုနဲ့ဗစ်တာတို့ကို စာရင်းသွင်းမှတ်ပုံတင်ဖို့ ယာယီလိုင်စင်ထုတ်ပေးခဲ့ပေမယ့် ဘာစီလိုနာအသင်းဟာ ဒီဇင်ဘာ(၃၁)ရက်နောက်ဆုံးထားပြီး လိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေကို လိုက်နာကြောင်းသက်သေပြသနိုင်ခဲ့ခြင်းမရှိခဲ့လို့ သူတို့ရဲ့စာရင်းသွင်းမှုကို ရုပ်သိမ်းခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အော်လ်မိုနဲ့ဗစ်တာတို့ကို လူစာရင်းထဲပြန်လည်ထည့်သွင်းခွင့်ပြုဖို့ ဇန်နဝါရီလအတွင်းမှာ အယူခံဝင်ခဲ့ပြီးနောက် CSD က ယာယီစာရင်းသွင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ လာလီဂါအဖွဲ့ချုပ်က ဘာစီလိုနာအသင်းဟာ ဒီကစားသမား(၂)ဦးကို လူစာရင်းထဲစာရင်းသွင်းနိုင်ဖို့အတွက် ဘဏ္ဍာရေးလုံလောက်မှုမရှိဘူးလို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် CSD က စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)က အသိအမှတ်ပြုထားတဲ့အတိုင်း အော်လ်မိုနဲ့ ဗစ်တာတို့(၂)ဦးရဲ့စာရင်းသွင်းမှတ်ပုံတင်မှုဟာ တရားဝင်ကြောင်းအတည်ပြုခဲ့ပါတယ်။

လာလီဂါအဖွဲ့ချုပ်က CSD ရဲ့ဆုံးဖြတ်ချက်ကို အယူခံဝင်သွားမယ်လို့ ဆိုထားပါတယ်။ ဘာစီလိုနာအသင်းဟာ အော်လ်မိုနဲ့ဗစ်တာတို့ရဲ့စာရင်းသွင်းမှုကို သက်တမ်းတိုးနိုင်ဖို့အတွက် ပြန်လည်တည်ဆောက်နေတဲ့ Nou Camp အားကစားကွင်းထဲက VIP နေရာတွေကို ရောင်းချဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လာလီဂါအဖွဲ့ချုပ်က ပြီးခဲ့တဲ့အပတ်က ဘာစီလိုနာအသင်းလိဂ်ကို တင်သွင်းခဲ့တဲ့ စာရင်းတွေမှာ ဒီသဘောတူညီမှုမပါဝင်ဘူးလို့ ဆိုခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ရာသီတိုင်းလိုလို ကစားသမားသစ်တွေကို စာရင်းသွင်းမှတ်ပုံတင်နိုင်ဖို့ အခက်အခဲတွေရှိနေခဲ့ပြီး ဒီပြဿနာတွေကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ လိုအပ်နေပါတယ်။