အေစီမီလန်အသင်းက အပြီးသတ်ခေါ်ယူမှာမဟုတ်တဲ့အတွက် မန်စီးတီးအသင်းထံ ဝေါ်လ်ကာပြန်လာရဖွယ်ရှိ
အင်္ဂလန်ညာနောက်ခံလူ ဝေါ်လ်ကာဟာ အငှားကစားနေတဲ့ အေစီမီလန်အသင်းက သူ့ကိုအပြီးသတ်မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ရာသီကုန်ချိန်မှာ မိခင်ကလပ် မန်စီးတီးအသင်းထံ ပြန်လာရဖွယ်ရှိနေပါတယ်။
ဝေါ်လ်ကာဟာ မန်စီးတီးအသင်းမှာ (၇)နှစ်ခွဲကြာရှိခဲ့တာကို အဆုံးသတ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလက အေစီမီလန်အသင်းထံ ရာသီကုန်အထိအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
အေစီမီလန်အသင်းဟာ ဝေါ်လ်ကာပွဲဦးထွက်ပါဝင်ခဲ့တဲ့ (၃)ပွဲစလုံးမှာ ရှုံးပွဲမရှိရလဒ်ကောင်းတွေပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်နောက်ပိုင်းပွဲတွေမှာ အေစီမီလန်အသင်းရုန်းကန်ခဲ့ရတာနဲ့အတူ ဝေါ်လ်ကာရဲ့ခြေစွမ်းလည်း ကျဆင်းလာခဲ့တာပါ။ အေစီမီလန်အသင်းဟာ လက်ရှိအချိန်မှာ စီးရီးအေအမှတ်ပေးဇယားအဆင့်(၈)နေရာရပ်တည်နေပြီး လာမယ့်ရာသီဥရောပဝင်ခွင့်ရယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဝေါ်လ်ကာရဲ့အငှားစာချုပ်ထဲမှာ အေစီမီလန်အသင်းဟာ သူ့ကိုယူရို(၅)သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့အတွက် ရွေးချယ်ခွင့်ပါဝင်နေတာပါ။ ဒါပေမယ့် အေစီမီလန်အသင်းဟာ ဝေါ်လ်ကာကို အပြီးသတ်မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Calciomercato သတင်းမှာ ဖော်ပြထားပါတယ်။ ဝေါ်လ်ကာဒဏ်ရာကြောင့် မပါဝင်နိုင်ချိန် သူ့ရဲ့နေရာမှာဝင်ရောက်ကစားခဲ့တဲ့ အဲလက်စ်ဟီမီနက်စ်ရဲ့အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကြောင့် အေစီမီလန်အသင်းအကြီးအကဲတွေဟာ ဝေါ်လ်ကာကို အပြီးသတ်မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဝေါ်လ်ကာနဲ့ မန်စီးတီးအသင်းရဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ်ရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်လို့ မန်စီးတီးအသင်းအနေနဲ့ သူ့ကိုအသင်းထံ ပြန်ရောက်လာရင် အပြီးသတ်ရောင်းချဖွယ်ရှိနေပါတယ်။ ဝေါ်လ်ကာဟာ မန်စီးတီးအသင်းအတွက် ပွဲပေါင်း(၃၀၀)ကျော်ပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား(၆)ကြိမ်၊ချန်ပီယံလိဂ်ဖလား(၁)ကြိမ်အပါအဝင် ဆုဖလားပေါင်း(၁၇)ခုရယူထားတာဖြစ်ပါတယ်။