အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက အသင်းနဲ့ လမ်းခွဲခဲ့တဲ့အားကစားဒါရိုက်တာ အီဒူးနေရာမှာ အစားထိုးဖို့ အက်သလက်တီကိုမက်ဒရစ်အသင်းအားကစားဒါရိုက်တာဟောင်း အန်ဒရီယာဘာတာနဲ့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ အီဒူးနေရာအစားထိုးဖို့ ကစားသမားဟောင်းတွေအပါအဝင် ဘောလုံးလောကက ထင်ရှားသူများစွာကို ပစ်မှတ်ထားစဉ်းစားခဲ့ပြီး အခုနောက်ဆုံး ဘာတာကို ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းကနေ အီဒူးထွက်ခွာသွားတာဟာ နည်းပြအာတီတာအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီး အသင်းရဲ့ကစားသမားအားအင်ဖြည့်တင်းမှုတွေမှာ အားနည်းခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ အာတီတာဟာ ဒဏ်ရာရသူများနေတဲ့ အသင်းတိုက်စစ်ပိုင်းကို အားဖြည့်ချင်ပေမယ့် အာဆင်နယ်အသင်းတာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့ခေါ်ယူမှုတွေ မပြုလုပ်ပေးနိုင်တာက သက်သေဖြစ်ခဲ့ပါတယ်။
ဒါကြောင့် အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် အရည်အသွေးရှိကစားသမားတွေ ခေါ်ယူပေးနိုင်ခဲ့သူ ဘာတာကို အားကစားဒါရိုက်တာခန့်အပ်ဖို့ အာဆင်နယ်အသင်းက မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။
အီတလီလူမျိုးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဘာတာ(၅၃ နှစ်)ဟာ ၂၀၁၃ မေလမှာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် ပြောင်းလဲတာဝန်ယူခဲ့ရသူဖြစ်ပါတယ်။
ဘာတာဟာ ပြီးခဲ့တဲ့နွေရာသီက အက်သလက်တီကိုမက်ဒရစ်အသင်းဆီကို အယ်လ်ဗာရက်ဇ်၊ ဂယ်လက်ဂါ၊ ရှာလော့ အစရှိတဲ့ကစားသမားတွေခေါ်ယူပေးခဲ့ပြီး ဒီကစားသမားတွေက အသင်းအတွက် အားထားရတဲ့ကစားသမားတွေဖြစ်နေပါတယ်။
၂၀၀၇ ခုနှစ်ကတည်းက အီတလီကလပ် ပါးမားအသင်းမှာ ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပြီး ဘောလုံးလောကရဲ့အုပ်ချုပ်မှုအပိုင်းမှာ အတွေ့အကြုံများစွာရှိတဲ့ ဘာတာဟာ အခုနှစ်ဇန်နဝါရီလက အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ လမ်းခွဲခဲ့ပြီ သူ့ကို မကြာခင်မှာ အာဆင်နယ်အသင်းအားကစားဒါရိုက်တာအဖြစ် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။
Discussion