နော်တင်ဂမ်ဖောရက်စ်အသင်းက မန်ယူနိုက်တက်အသင်းကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်တင်ဂမ်ဖောရက်စ်အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ တောင်ပံကစားသမား အီလန်ဂါကို မန်ယူနိုက်တက်အသင်းရောင်းချခဲ့တာမှားယွင်းတယ်ဆိုတဲ့အပေါ် နည်းပြအာမိုရင်က ငြင်းပယ်ခဲ့ပါတယ်။
အသက်(၂၂)နှစ်အရွယ်ရှိ အီလန်ဂါဟာ ဒီပွဲမှာ (၈၅)မီတာရှိတဲ့ အကွာအဝေးကို ဘောလုံးနဲ့အတူ (၉)စက္ကန့်အတွင်းပြေးပြီး အသင်းဟောင်း မန်ယူနိုက်တက်အသင်းဘက်ကို အဖိုးတန်သွင်းဂိုးသွင်းယူပေးခဲ့တာပါ။
မန်ယူနိုက်တက်အသင်းအကယ်ဒမီက ထွက်ပေါ်လာခဲ့တဲ့ အီလန်ဂါဟာ ၂၀၂၃ ခုနှစ်နွေရာသီမှာ ပေါင်(၁၅)သန်းနဲ့ နော်တင်ဂမ်ဖောရက်စ်အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အီလန်ဂါဟာ ဒီရာသီမှာ နော်တင်ဂမ်ဖောရက်စ်အသင်းအတွက် ခြေစွမ်းပြသနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၇)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၈)ကြိမ်ပြုလုပ်ထားတာပါ။ နော်တင်ဂမ်ဖောရက်စ်အသင်းဟာ မန်ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ အလွန်နီးစပ်သွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ အီလန်ဂါနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ချိန် မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က "မန်ယူနိုက်တက်အသင်းရဲ့ရှေ့တန်းကစားသမားတွေအများကြီးအကြောင်းကို ပြောနေကြပြီး သူတို့ဟာ ဒီမှာအခွင့်အရေးရခဲ့ကြပါတယ်။ မန်ယူနိုက်တက်အသင်းမှာ ခင်ဗျားတို့အတွက် အချိန်မရှိသလို ကျွန်တော့်အတွက်လည်း အချိန်မရှိပါဘူး။ အဲ့ဒါကြောင့် ကောင်းအောင်အမြန်ဆုံးလုပ်ရမယ်"လို့ ဆိုခဲ့ပါတယ်။

အီလန်ဂါဟာ မန်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၅၅)ပွဲပါဝင်ကစားပြီး (၄)ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် နော်တင်ဂမ်ဖောရက်စ်အသင်းအတွက် ကစားထားတဲ့ (၂)ရာသီအတွင်းမှာ ဂိုးပါဝင်ပတ်သက်မှု(၂၈)ဂိုးအထိရှိခဲ့ပါတယ်။ အီလန်ဂါက မန်ယူနိုက်တက်အသင်းက ထွက်ခွာခဲ့ရတာဟာ သူ့အတွက် ခက်ခဲပေမယ့် ပွဲကစားခွင့်ရရှိချင်တာကြောင့် ထွက်ခွာခဲ့ရတာလို့ The Times နဲ့ ၂၀၂၄ ခုနှစ်က ပြုလုပ်ခဲ့တဲ အင်တာဗျူးမှာ ဆိုခဲ့တာဖြစ်ပါတယ်။
Discussion