မနေ့က ဂျာမနီ(၃-၃)အီတလီ UEFA Nations League ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ဂျာမနီအသင်းဟာ ဂိုးသမား ဒွန်နာရမ်မာနဲ့ အီတလီခံစစ်ကစားသမားတွေ စကားပြောနေချိန် ထောင့်ကန်ဘောကနေ အလျင်အမြန်ဂိုးသွင်းယူသွားခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲချိန်(၃၆)မိနစ်မှာ ဂျာမနီအသင်းထောင့်ကန်ဘောရရှိချိန် အီတလီဂိုးသမား ဒွန်နာရမ်မာဟာ ဂိုးပေါက်ကနေ ထွက်ခွာပြီး ဂိုးဧရိယာထဲကို ရောက်ရှိလာတဲ့ ခံစစ်ကစားသမားတွေနဲ့ စကားပြောခဲ့ရာ ဂျာမနီအသင်းခေါင်းဆောင် ကင်မစ်ချ်က ထောင့်ကန်ဘောကို အလျင်အမြန်ပေးပို့ခဲ့ပြီး ကွင်းလယ်ကစားသမား မူစီယာလာက ဂိုးအဖြစ်အဆုံးသတ်သွားခဲ့တာပါ။

ဂျာမနီအသင်း ဒီဂိုးသွင်းယူနိုင်ခဲ့တာမှာ ချီးကျူးရမယ့်သူက အသက်(၁၅)နှစ်အရွယ်ရှိ ဘောကောက်ကလေးငယ် နိုရဲလ်ဆိုသူဖြစ်ပါတယ်။ သူဟာ ထောင့်ကန်ဘောကန်တင်ဖို့ရောက်ရှိလာတဲ့ အသင်းခေါင်းဆောင် ကင်မစ်ချ်ထံကို ဘောလုံးအလျင်အမြန်ပစ်ပေးခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ဂျာမနီအသင်းဟာ အီတလီအသင်းဘက်ကို သွင်းဂိုးရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ နိုရဲလ်ဟာ ဂျာမနီအသင်းက လက်မှတ်ထိုးထားတဲ့ ဘောလုံးကို ရရှိခဲ့ပြီး အသင်းခေါင်းဆောင် ကင်မစ်ချ်နဲ့လည်း ဓါတ်ပုံအတူတွဲရိုက်ခဲ့တာပါ။

ဂျာမနီအသင်းဟာ ဒုတိယပိုင်းမှာ အီတလီအသင်းကို ချေပဂိုးတွေပြန်ပေးခဲ့ရပေမယ့် သရေရလဒ်ရယူနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ်(၅-၄)ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။

၂၀၂၄-၂၅ UEFA Nations League နောက်ဆုံးအဆင့်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရမယ့် ဂျာမနီအသင်းဟာ ဆီမီးဖိုင်နယ်အဖြစ် ပေါ်တူဂီအသင်းနဲ့ ဇွန်(၄)ရက် မြူးနစ်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။