အိမ်ဖြူတော်မှာ ဒေါ်နယ်ထရမ့်နဲ့အတူ အင်ဖန်တီနို သော့နဲ့ဖွင့်လှစ်ခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား

အခုနှစ် ဇွန်(၁၄)ရက်နေ့ကနေ ဇူလိုင်(၁၃)ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချီးမြှင့်မယ့်ချန်ပီယံဆုဖလားကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မှာရှိတဲ့ အိမ်ဖြူတော်မှာ တရားဝင်ဖွင့်လှစ်ပြသခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့နာမည်ကြီးသမ္မတရုံးခန်းဖြစ်တဲ့ ဘဲဥပုံရုံးခန်း(Oval Office)ထဲမှာ အမေရိကန်နိုင်ငံသမ္မတ ဒ​ေါ်နယ်ထရမ့်နဲ့အတူ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌအင်ဖန်တီနိုက ဒီဆုဖလားကို ဖွင့်လှစ်ပြသခဲ့ပြီး ဆုဖလားဆိုပေမယ့် ကွန်မြူနတီဒိုင်း၊ ဘွန်ဒစ်လီဂါဖလားတို့လို အပြားဝိုင်းကြီးဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခုထူးခြားတာက ဒီအပြားဝိုင်းကြီးက ကွန်မြူနတီဒိုင်း၊ ဘွန်ဒစ်လီဂါဖလားတို့လို တစ်ဆက်တည်းရှိနေတဲ့ အပြားတစ်ပြားတည်းမဟုတ်ဘဲ အလယ်မှာ အင်းကွက်ချထားတဲ့အ၀ိုင်းပြားတစ်ခုကို ဘေးက စက်ဝိုင်း(၃)ခုဝိုင်းရံထားတဲ့ပုံပြုလုပ်ထားတာဖြစ်ပါတယ်။

ဘေးက စက်ဝိုင်းတွေ ရွေ့လျားသွားစေဖို့ သော့တံတစ်ခုနဲ့ဖွင့်လှစ်ရပြီး ကမ္ဘာပေါ်မှာ သော့နဲ့ဖွင့်ရတဲ့ပထမဆုံးဆုဖလားလို့ ဆိုရမှာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းက ကလပ်အသင်း(၃၂)သင်းပါဝင်ပြီး ပုံစံသစ်နဲ့ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံက ပထမဆုံးအနေနဲ့ ကျင်းပခွင့်ရရှိတာဖြစ်ပြီး အမေရိကန်မြို့ကြီး(၁၁)မြို့က ကွင်း(၁၂)ကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီဆုဖလားပုံစံက အွန်လိုင်းမှာ ပျံ့နှံ့ပြီး​ ပရိသတ်အတော်များများသိရှိပြီးဖြစ်ပေမယ့် အခုအိမ်ရှင်နိုင်ငံက အမေရိကန်သမ္မတရှေ့မှောက်မှာ တရားဝင်ဖွင့်လှစ်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

အိမ်ဖြူတော်က ဘဲဥပုံရုံးခန်းထဲမှာ ဒေါ်နယ်ထရမ့်ကိုယ်တိုင် ဒီဖလားဖွင့်လှစ်ခြင်းကို လက်ခံပေးခဲ့လို့ ဒီဖလားပြိုင်ပွဲကို အရေးပါတဲ့ပြိုင်ပွဲတစ်ခုအနေနဲ့ သတ်မှတ်လို့ရကြောင်း မီဒီယာတွေက ဖော်ပြကြပါတယ်။

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပက နာမည်ကြီးကလပ်အသင်း(၁၂)သင်းပါဝင်မှာဖြစ်ပြီး ချယ်လ်ဆီး၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ PSG၊ အင်တာမီလန်၊ ပေါ်တို၊ ဘင်ဖီကာ၊ ဒေါ့မွန်၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကို၊ ဆာ့လ်ဘတ်တို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက အိမ်ရှင်အသင်းအဖြစ် အင်တာမိုင်ယာမီအသင်းက ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။