အိမ်ဖြူတော်မှာ UFC ပွဲကျင်းပမယ်
အမေရိကန် လွတ်လပ်ရေးနေ့ မတိုင်မီတစ်ရက်အလိုတွင် သမ္မတ ဒေါ်နယ်ထရမ့်က အထူးကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ ၎င်းမှာ ၂၀၂၆ ခုနှစ်တွင် ကျရောက်မည့် အမေရိကန်နိုင်ငံ၏ နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် အိမ်ဖြူတော်ဝင်းအတွင်း၌ UFC ပြိုင်ပွဲ ကျင်းပသွားရန် စီစဉ်နေခြင်း ဖြစ်သည်။
ဇူလိုင်လ ၃ ရက်နေ့က Iowa ပြည်နယ်၌ ကျင်းပသည့် "America 250" အခမ်းအနားတွင် ထရမ့်က ဤသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ရဲ့ သမိုင်းဝင်နေရာနဲ့အထင်ကရနေရာတိုင်းမှာ အမေရိကန် နှစ် ၂၅၀ ပြည့်ကို ဂုဏ်ပြုတဲ့ အထူးပွဲတွေ ကျင်းပသွားမှာပါ" ဟု ၎င်းက ဆိုသည်။
အလေးအနက်ထား စီစဉ်နေခြင်းဖြစ်ကြောင်း အတည်ပြု
ဤအစီအစဉ်နှင့် ပတ်သက်၍ အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်း လဲဗစ် (Karoline Leavitt) က သမ္မတထရမ့်သည် "ဤကိစ္စကို အလေးအနက်ထား ပြောကြားခြင်းဖြစ်ကြောင်း" အတည်ပြုခဲ့သည်။
UFC မှ တာဝန်ရှိသူတစ်ဦးကလည်း CNN သတင်းဌာနသို့ ပြောကြားရာတွင် အဆိုပါပွဲကို အိမ်ဖြူတော်၌ ကျင်းပနိုင်ရေးအတွက် "အိမ်ဖြူတော်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီ" ဖြစ်သော်လည်း အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ဆိုသည်။
ထရမ့်နှင့် ဒေးနား ဝှိုက်တို့၏ ခိုင်မြဲသော မိတ်ဆွေဆက်ဆံရေး
ထရမ့်သည် UFC ၏ CEO ဖြစ်သူ ဒေးနား ဝှိုက် (Dana White) နှင့် နှစ်ပေါင်းများစွာ ရင်းနှီးသော မိတ်ဆွေများ ဖြစ်ခဲ့ကြသည်။ ၂၀၀၀ ပြည့်နှစ်များအစောပိုင်းတွင် UFC သည် ပြိုင်ပွဲကျင်းပရန် နေရာအခက်အခဲဖြစ်နေစဉ် ထရမ့်က ၎င်း၏ အတ္တလန်တစ်စီးတီးရှိ ဟိုတယ်တွင် ကျင်းပခွင့်ပေးခဲ့သည်။
ထိုကျေးဇူးကြောင့် ဝှိုက်သည် ထရမ့်၏ အခိုင်အမာဆုံး ထောက်ခံသူများထဲမှ တစ်ဦးဖြစ်လာခဲ့ပြီး ၂၀၂၄ ခုနှစ် ရီပတ်ဘလစ်ကန် အမျိုးသားညီလာခံတွင် ထရမ့်အတွက် မိတ်ဆက်စကားပြောကြားပေးခဲ့သည်။
ရွေးကောက်ပွဲအနိုင်ရပြီးနောက်ပိုင်းတွင်လည်း ထရမ့်သည် UFC ပွဲများသို့ ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ပရိသတ်များ၏ သောင်းသောင်းဖြဖြ ကြိုဆိုမှုကို ရရှိခဲ့သည်။
UFC ပွဲသို့ တက်ရောက်သည့် ပထမဆုံး အမေရိကန်သမ္မတ
၂၀၂၅ ခုနှစ် ဧပြီလတွင် မိုင်ယာမီ၌ ကျင်းပသည့် ပြိုင်ပွဲသို့ တက်ရောက်ခဲ့ခြင်းဖြင့် ထရမ့်သည် တာဝန်ထမ်းဆောင်ဆဲကာလအတွင်း UFC ပွဲသို့ တက်ရောက်သည့် ပထမဆုံးသော အမေရိကန်သမ္မတ ဖြစ်လာခဲ့သည်။ ၎င်းသည် အားကစားသမားများ ပွဲခင်းထဲသို့ဝင်ရောက်သည့် "walkout" အစီအစဉ်တွင်လည်း ပါဝင်ခဲ့သည်။
အခြားသော အားကစားပွဲတော်များ
အမေရိကန် နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်ပွဲတော်များတွင် UFC ပွဲတစ်ခုတည်းသာမက အခြားသော အားကစားပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
အထက်တန်းကျောင်းသား အားကစားသမားများအတွက် "မျိုးချစ်တို့ရဲ့ အားကစားပွဲတော်" (Patriot Games) ဟု အမည်ပေးထားသည့် ပြိုင်ပွဲကိုလည်း ကျင်းပမည်ဖြစ်ပြီး ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။
ဓာတ်ပုံ - The White House