အိမ်ရှင်ဂျာမနီအသင်း အနိုင်ယူပြီး UEFA Nations League ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ ပေါ်တူဂီ
UEFA Nations League Semi-Final
ဂျာမနီ (၁-၂)ပေါ်တူဂီ
UEFA Nations League ဆီမီးဖိုင်နယ် ပထမပွဲမှာ ပေါ်တူဂီအသင်းက အိမ်ရှင်ဂျာမနီအသင်းကို ပွဲချိန်(၅)မိနစ်အတွင်းသွင်းယူခဲ့တဲ့ ချေပဂိုး၊ အနိုင်ဂိုးတွေနဲ့ အနိုင်ယူခဲ့ပါတယ်။
UEFA Nations League ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲတွေကို ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးခဲ့ပြီး ဆီမီးဖိုင်နယ်ရောက် (၄)သင်းမှာလည်း ဂျာမနီတစ်သင်းပဲ ချန်ပီယံဆုမရဖူးတာကြောင့် ဒီနှစ်က ဂျာမနီအလှည့်လို့ထင်မှတ်စရာဖြစ်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်အဆင့်မှာပဲ အရှုံးပေးခဲ့ရတာပါ။

ဒီပွဲမှာ ဂျာမနီက ဘောလုံးကို ပိုမိုကိုင်ကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေပိုရပြီး ဂျာမနီဂိုးပေါက်ကို ပိုမိုခြိမ်းခြောက်နိုင်ခဲ့တာက ပေါ်တူဂီအသင်းဖြစ်ပါတယ်။ ပွဲချိန်(၄၈)မိနစ်မှာ ဂျာမနီအတွက် ကင်မစ်ချ်ရဲ့အကွက်မြင်မြင်ပေးပို့မှုကနေ ဖလော်ရီယန်ဗစ်ဇ်က ခေါင်းတိုက်သွင်းယူပြီး ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန်(၆၃)မိနစ်မှာ ပေါ်တူဂီတောင်ပံကစားသမားကွန်ဆီဆာအိုက တောင်ပံကနေ အလယ်ကြောကို ဘောလုံးဆွဲပြေးပြီး ကန်သွင်းခဲ့တာကြောင့် ပေါ်တူဂီချေပဂိုးရခဲ့ပါတယ်။ နောက်(၅)မိနစ်အကြာမှာ မန်ဒက်စ်ထိုးပေးတဲ့ဘောလုံးကို စီရော်နယ်ဒိုက ဂိုးရှေ့ကနေ အလိုက်သင့်အသာအယာကပဲ ကန်သွင်းခဲ့ပါတယ်။

ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့ စပိန်နဲ့ပြင်သစ်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲကစားရမှာဖြစ်ပြီး UEFA Nations League ပြိုင်ပွဲမှာ ချန်ပီယံ(၂)ကြိမ်ရအသင်း ပထမဆုံးထွက်ပေါ်တော့မှာဖြစ်ပါတယ်။ UEFA Nations League ပြိုင်ပွဲ(၃)ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပြီး ၂၀၁၈-၁၉ ပြိုင်ပွဲမှာ ပေါ်တူဂီ၊ ၂၀၂၀-၂၁ ပြိုင်ပွဲမှာ ပြင်သစ်၊ ၂၀၂၂-၂၃ ပြိုင်ပွဲမှာ စပိန်တို့က ဗိုလ်စွဲထားကြတာပါ။