အိမ်ထောင်ရေးဖောက်ပြန်မှုထက် မှုခင်းပိုင်းဆိုင်ရာပြဿနာကို ရင်ဆိုင်ဖြေရှင်းရတော့မယ့် ပါယက်
ဘရာဇီးလ်ကလပ် ဗာစကိုဒဂါးမားအသင်းမှာ သွားရောက်ကစားနေတဲ့ ပြင်သစ်တိုက်စစ်မှူးပါယက်ဟာ ဘရာဇီးလ်နိုင်ငံမှာ အိမ်ထောင်ရေးဖောက်ပြန်ပြီး ဆိုရှယ်မီဒီယာမှာကျော်ကြားသူ ရှေ့နေအမျိုးသမီးတစ်ဦးနဲ့ ငြိစွန်းခဲ့တယ်ဆိုတဲ့သတင်းတွေကြောင့် အရှက်ရခဲ့ဖူးပါတယ်။
အခုတော့ ပါယက်ရဲ့အဖြစ်က သာမန်အိမ်ထောင်ရေးဖောက်ပြန်မှုသာမဟုတ်ဘဲ တစ်ဖက်သားကို အတင်းအကျပ်နှိပ်စက်၊ မလျော်ကန်တဲ့အရာတွေ အင်အားသုံးစေခိုင်းခဲ့ခြင်းအတွက် ပြစ်မှုမြောက်နေပြီး ထောင်ဒဏ်အထိ ကျခံရနိုင်တဲ့ မှုခင်းပိုင်းဆိုင်ရာပြဿနာကို
ရင်ဆိုင်ဖြေရှင်းရတော့မှာဖြစ်ပါတယ်။
ကလေး(၄)ယောက်ဖခင် အိမ်ထောင်သက်(၂၀)နှစ်လောက်ရှိတဲ့ ပါယက်(၃၈ နှစ်)ဟာ ဘရာဇီးလ်မှာ ရှေ့နေအမျိုးသမီးတစ်ဦးဖြစ်သူ လာရစ်ဆာနဲ့ ငြိစွန်းခဲ့တယ်ဆိုတာ ငြင်းဆန်လို့မရလောက်အောင် ကာယကံရှင်ဖြစ်သူ သူမကိုယ်တိုင်က ဒီဇာတ်လမ်းကို ဖော်ထုတ်ခဲ့တာပါ။
အခုတော့ သူမနဲ့ ပါယက်တို့ (၇)လကြာတိုင် အိမ်ထောင်ရေးဖောက်ပြန်ခဲ့တယ်လို့ ဝန်ခံခဲ့ဖူးတဲ့ လာရစ်ဆာက နောက်တစ်ဆင့်တက်လာပြီး ပါယက်ဟာ သူမကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့ရုံမက အလွန်ဆိုးရွားတဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာပါ။
သူမရဲ့ရှေ့နေတစ်ဦးဆိုတဲ့ဂုဏ်သိက္ခာကိုတောင် မထောက်ထားဘဲ ပါယက်ဟာ သူမရဲ့ကျင်ငယ်ရေကို ပြန်သောက်ခိုင်းတာ၊ ရေအိမ်ထဲက ရေတွေကို သောက်ခိုင်းတာ၊ ကြမ်းပေါ်က ကျင်ငယ်ရေတွေကို လျှာနဲ့လျက်ခိုင်းတာ၊ သူမရဲ့ ခန္ဓာကိုယ်ပေါ်ကို ခြေထောက်နဲ့နင်းတာတွေ လုပ်ခဲ့တယ်လို့ လာရစ်ဆာက စွပ်စွဲခဲ့ပါတယ်။
ပါယက်အတွက် အကြီးအကျယ်ချောက်ကျစရာတစ်ခုက လာရစ်ဆာဟာ ဥပဒေကို ကျွမ်းကျင်သူရှေ့နေတစ်ဦးဖြစ်နေတာပါပဲ။ သူမက ပါယက်ကို စွဲချက်တင်နိုင်မယ့် သက်သေတွေကို အခင်းဖြစ်စဉ်အချိန်ကတည်းက စနစ်တကျ စုဆောင်းခဲ့ပါတယ်။
ပါယက်က သူမကို နှိပ်စက်တာတွေ၊ ကျင်ငယ်ရေသောက်ခိုင်းတာတွေကို ဖုန်းနဲ့ ဗီဒီယိုမှတ်တမ်းရယူခဲ့ပါတယ်။ အခုအချိန်မှာတော့ ဘရာဇီးလ်ရဲတပ်ဖွဲ့ဟာ လာရစ်ဆာရဲ့တိုင်ကြားမှုကို စုံစမ်းစစ်ဆေးနေပြီး စွပ်စွဲတဲ့အတိုင်းမှန်ကန်ခဲ့ရင် ပါယက်အနေနဲ့ ထောင်ဒဏ်(သို့မဟုတ်)မြင့်မားတဲ့ဒဏ်ငွေကျခံရနိုင်သလို လာရစ်ဆာကိုလည်း အလွန်များပြားတဲ့ လျော်ကြေးငွေပေးရနိုင်ပါတယ်။
မိသားစုနောက်ကွယ်မှာ ထင်ရာစိုင်းခဲ့တဲ့ပါယက်တစ်ယောက် သူ့လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။