အိုင်ဗန်တိုနေးကို အင်္ဂလန်အသင်းလူစာရင်းထဲ နည်းပြတူချယ်လ်အံ့အားသင့်ဖွယ်ပြန်လည်ခေါ်ယူ
အင်္ဂလန်အသင်းနည်းပြတူချယ်လ်ဟာ ဇွန်ထဲမှာယှဉ်ပြိုင်မယ့် နိုင်ငံတကာပွဲစဉ်တွေအတွက် အသင်းလူစာရင်းမှာ ဘရန်ဖိုဒ့်အသင်းတိုက်စစ်မှူးဟောင်း အိုင်ဗန်တိုနေးကို အံ့အားသင့်ဖွယ်ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းမှ ခြေစွမ်းပြပြီးသွင်းဂိုးတွေသွင်းယူနေတဲ့ အိုင်ဗန်တိုနေးဟာ ယူရို-၂၀၂၄ ပြိုင်ပွဲပြီးနောက် အင်္ဂလန်အသင်းလူစာရင်းမှာ ပထမဆုံးအကြိမ်ပြန်လည်ရွေးချယ်ခံခဲ့ရတာပါ။
အိုင်ဗန်တိုနေးဟာ ဒီရာသီမှာ အယ်လ်အာလီအသင်းအတွက် (၄၂)ပွဲပါဝင်ကစားထားပြီး (၂၈)ဂိုးသွင်းယူကာ အာရှချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းလူစာရင်းထဲမှာ ချယ်လ်ဆီးအသင်းနောက်ခံလူ ချာလိုဘာလည်း ပထမဆုံးအကြိမ်ရွေးချယ်ခြင်းခံခဲ့ရတာပါ။ အင်္ဂလန်အသင်းနည်းပြတူချယ်လ်ဟာ နိုင်ငံတကာပွဲတွေအပြီး နွေရာသီမှာကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ဘယ်လင်ဂမ်၊ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူးဟာရီကိန်းအပါအဝင် ကစားသမား(၈)ဦးကို ရွေးချယ်ခဲ့ပါတယ်။
ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရတဲ့ ကွင်းလယ်လူဖိုဒန်၊တံကောက်ကြောဒဏ်ရာခံစားနေရတဲ့ အက်စတွန်ဗီလာတိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်တို့ဟာ အင်္ဂလန်အသင်းလူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းက နောက်ခံလူမက်ဂွဲယား၊လုပ်ခ်ရှောနဲ့ ကိုဘီမေနူး၊ယူရိုပါလိဂ်ချန်ပီယံ စပါးအသင်းတိုက်စစ်မှူးဆိုလန်ကီတို့ အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
နည်းပြတူချယ်လ်လက်ထက်မှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ပွဲစဉ်(၂)ပွဲလုံးအနိုင်ရရှိထားတဲ့ အင်္ဂလန်အသင်းဟာ လာမယ့်ဇွန်(၇)ရက်မှာ အန်ဒိုရာအသင်းနဲ့ စပိန်မှာ ခြေစစ်ပွဲကစားဖို့ရှိနေပြီး ဇွန်(၁၀)ရက်မှာ ဆီနီဂေါအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာဖြစ်ပါတယ်။