အခမဲ့ပေးဝေခဲ့ပေမယ့် မြန်မာငွေ(၂၄)သိန်းခန့် တန်ကြေးရှိနေတဲ့လိဒ်စ်အသင်းလည်စည်းပုဝါ
ပြီးခဲ့တဲ့ တနင်္လာနေ့က ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်(၄-၀)ဘရစ္စတိုးလ်စီးတီးပွဲမှာ လိဒ်စ်အသင်းက ပွဲလာကြည့်တဲ့ပရိသတ်တိုင်းကို အဝါရောင်လည်စည်းပုဝါတွေ အခမဲ့ပေးဝေခဲ့ပါတယ်။
ဒီပွဲကစားရာအီလန်ရုတ်ဒ်ကွင်းကို ပရိသတ်(၃၆၀၀၀)ကျော်လာကြည့်ကြပြီး လိဒ်စ်အသင်းတာဝန်ရှိသူတွေက ပွဲမတိုင်မီ ကွင်းအတွင်း ပွဲကြည့်စင်ထိုင်ခုံတိုင်းမှာ လည်စည်းပုဝါတစ်ခုချင်းစီ တင်ထားခဲ့တာပါ။

လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ အသင်းတန်းတက်တာကို အထိမ်းအမှတ်သဘောနဲ့ လိဒ်စ်အသင်းက ဒီလိုအခမဲ့ပေးဝေခဲ့တာဖြစ်ပေမယ့် ဒီလည်စည်းပုဝါတွေက ရက်ပိုင်းအတွင်းမှာပဲ တန်ဖိုးတက်သွားပြီး မြန်မာငွေ (၂၄)သိန်းလောက်တန်ကြေးရှိသွားပါတယ်။
ဒီပွဲအပြီးမှာ ဒီတန်းတက်အထိမ်းအမှတ်လည်စည်းပုဝါကို eBay ဝက်ဘ်ဆိုက်မှာ တစ်ဆင့်ပြန်ရောင်းနေကြတာပါ။ မူလက (၁၅)ပေါင်(မြန်မာငွေ ၉၀၀၀၀ ခန့်)နဲ့ ပေါင်(၃၀)(မြန်မာငွေ ၁ သိန်း ၈ သောင်းခန့်)ကြားသာ ရောင်းချနေပေမယ့် နောက်ပိုင်းမှာတော့ တန်ဖိုးက တဖြည်းဖြည်းမြင့်တက်လာပါတယ်။

ရောင်းချသူအတော်များများက ပေါင်(၄၀၀)ကျော်နဲ့ စျေးခေါ်နေကြပြီး မြန်မာငွေနဲ့ဆိုရင် တန်ဖိုးက (၂၄)သိန်းလောက်အထိ ရှိနေတာဖြစ်ပါတယ်။ ရောင်းချသူတစ်ဦးကတော့ အလွန်လောဘကြီးပြီး (၅၁၆)ပေါင်(မြန်မာငွေ သိန်း ၃၀ ခန့်)အထိ စျေးခေါ်ထားကြောင်းလည်း သိရပါတယ်။
ဒီအဝါရောင် လည်စည်းပုဝါပေါ်မှာ လိဒ်စ်အသင်းရဲ့သီချင်းထဲက စာသားဖြစ်တဲ့ 'at least until the world stops going round'ဆိုတဲ့စာကို ရေးထိုးထားပြီး အစွန်းနှစ်ဖက်မှာ ကလပ်အသင်းရဲ့အမှတ်တံဆိပ် Smiley လိုဂိုအဝိုင်းလေးနှစ်ခုပါဝင်ကြောင်းလည်း သိရပါတယ်။
လိဒ်စ်အသင်းဟာ မနက်ဖြန် ပလိုင်မောက်နဲ့ပွဲမှာ အနိုင်ကစားနိုင်ခဲ့ရင် ဒီရာသီချန်ပီယံရှစ်ချန်ပီယံအသင်းအဖြစ် အောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။