Albania က AI Bot ကို ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီ
Albania နိုင်ငံက ကမ္ဘာမှာ ပထမဆုံး AI bot တစ်ခုကို အစိုးရဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပါပြီ။ Diella လို့ခေါ်တဲ့ AI bot က အစိုးရရဲ့ တင်ဒါ တွေ၊ ပြည်သူ့ဝယ်ယူရေး လုပ်ငန်းတွေကို တာဝန်ယူသွားမှာပါ။
ဝန်ကြီးချုပ် Edi Rama က စတုတ္ထအကြိမ် သက်တမ်းစတင်တော့မယ့် အချိန်မှာ ဒီဆုံးဖြတ်ချက်ကို ကြေညာလိုက်တာပါ။ Diella ဆိုတာ Albania ဘာသာနဲ့ "နေ" လို့အဓိပ္ပါယ်ရပြီး အစိုးရက ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ချုပ်ဆိုတဲ့ တင်ဒါ အားလုံးကို စီမံခန့်ခွဲသွားမှာပါ။
"Diella ဟာ ရုပ်ပိုင်းဆိုင်ရာ မရှိပေမယ့် AI နဲ့ဖန်တီးထားတဲ့ ပထမဆုံး အစိုးရအဖွဲ့ဝင်ပါ။ Albania ကို အစိုးရ တင်ဒါ တွေမှာ အကျင့်ပျက်ခြစားမှု ၁၀၀% ကင်းစင်တဲ့ နိုင်ငံဖြစ်လာအောင် ကူညီပေးမှာပါ" လို့ Rama က ပြောပါတယ်။
Albania မှာ အစိုးရ တင်ဒါ တွေက အကျင့်ပျက်ခြစားမှုရဲ့ အဓိက အရင်းအမြစ်ဖြစ်နေပါတယ်။ မူးယစ်ဆေးဝါး၊ လက်နက်ကုန်ကူးမှုကနေ ငွေကြေးခဝါချတဲ့ ဂိုဏ်းတွေရဲ့ အချက်အချာနေရာ ဖြစ်နေပြီး အကျင့်ပျက်ခြစားမှုက အစိုးရအဆင့်အထိ ရောက်နေပါတယ်။ ဒါကြောင့် EU အဖွဲ့ဝင်ဖြစ်ဖို့ ခက်ခဲနေတာပါ။
Diella က ယခုနှစ်အစောပိုင်းမှာ e-Albania platform မှာ virtual assistant အဖြစ် စတင်ခဲ့တာပါ။ Albania ရိုးရာဝတ်စုံနဲ့ ပြည်သူတွေ၊ စီးပွားရေးလုပ်ငန်းတွေကို အစိုးရစာရွက်စာတမ်းတွေ ရယူရာမှာ ကူညီပေးခဲ့ပါတယ်။ အသံညွှန်ကြားချက်နဲ့ အလုပ်လုပ်ပြီး electronic stamp ပါတဲ့ စာရွက်စာတမ်းတွေ ထုတ်ပေးနိုင်ပါတယ်။
ဒါပေမယ့် လူတိုင်းက ယုံကြည်တာ မဟုတ်ပါဘူး။ Facebook မှာ တစ်ယောက်က "Albania မှာ Diella တောင် အကျင့်ပျက်သွားမှာပဲ" လို့ comment ရေးထားပါတယ်။ နောက်တစ်ယောက်က "ခိုးတာတော့ ဆက်ဖြစ်နေမှာပဲ၊ Diella ကိုပဲ အပြစ်တင်ကြမှာ" လို့ ရေးထားပါတယ်။
အစိုးရက Diella ကို လူက ကြီးကြပ်မှု ဘယ်လိုရှိမလဲ၊ AI bot ကို တစ်စုံတစ်ယောက်က manipulate လုပ်နိုင်တဲ့ အန္တရာယ်တွေကို ဘယ်လို ကာကွယ်မလဲဆိုတာ အသေးစိတ် မပြောသေးပါဘူး။
#AI #AIbot #Albania #Diella #Akhayar #AkhayarTech
Discussion