အခုမတ်လအတွင်း ကစားမယ့် နိုင်ငံတကာဘောလုံးရက်သတ္တပတ်မှာ ကမ္ဘာကျော်ဘောလုံးသမားနေမာကို ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ ပြန်တွေ့ရမှာဖြစ်သလို တောင်အာရှဘောလုံးလောကမှာလည်း ထင်ရှားတဲ့ကစားသမားတစ်ဦးဖြစ်သူ ချက်ထရီကို ပရိသတ်တွေ ပြန်တွေ့ရမှာဖြစ်ပါတယ်။
အသက်(၄၀)နှစ်အရွယ်ရှိသူအိန္ဒိယတိုက်စစ်မှူးချက်ထရီဟာ ပြီးခဲ့တဲ့ ၂၀၂၄ မေလက နိုင်ငံတကာဘောလုံးလောကက အနားယူပြီလို့ ကြေညာထားသူပါ။
ဒါပေမယ့် လက်ရှိအိန္ဒိယလက်ရွေးစင်အသင်းရဲ့နည်းပြဖြစ်သူ မာနာလိုမာကွက်ဇ်က သူ့ရဲ့အိန္ဒိယအသင်းတိုက်စစ်မှာ အားဖြည့်ဖို့အတွက် ချက်ထရီကို ပြန်ကစားပေးဖို့ တောင်းဆိုခဲ့ပြီး ဒီကမ်းလှမ်းမှုကို ချက်ထရီက လက်ခံခဲ့တာပါ။
မာနာလိုမာကွက်ဇ်က အိန္ဒိယအသင်း ၂၀၂၇ အာရှဖလားခြေစစ်ပွဲအောင်မြင်ဖို့အတွက် သွင်းဂိုးတွေနဲ့အကူအညီပေးဖို့ ဝါရင့်တိုက်စစ်မှူးချက်ထရီကို တောင်းဆိုခဲ့တာပါ။
ချက်ထရီဆိုတာ အိန္ဒိယတိုက်စစ်မှူးဖြစ်လို့သာ ကမ္ဘာ့အဆင့်မှာ ကြီးကြီးမားမားမကျော်ကြားပေမယ့် မက်ဆီ၊ စီရော်နယ်ဒိုတို့နဲ့ အတူ နိုင်ငံတကာဂိုးအများဆုံးသွင်းသူ(၅)ဦးစာရင်းထဲမှာ ရပ်တည်နေနိုင်တဲ့ ကစားသမားတစ်ဦးပါ။

ဒီစာရင်းမှာ စီရော်နယ်ဒိုက (၁၃၅)ဂိုးနဲ့ ဦးဆောင်နေပြီး မက်ဆီက (၁၁၂)ဂိုးနဲ့ ဒုတိယနေရာမှာရှိနေပါတယ်။ တတိယနေရာမှာ အီရန်တိုက်စစ်မှူးဟောင်းအလီဒါယီ(၁၀၈ ဂိုး)၊ စတုတ္ထနေရာမှာ ချက်ထရီ(၉၄ ဂိုး)၊ ပဥ္စမနေရာမှာ မလေးရှားတိုက်စစ်မှူးဒါဟာရီ(၈၉ ဂိုး)တို့ ရှိနေကြတာပါ။
အထက်ပါ ကစားသမား(၅)ဦးထဲမှာ (၁၅၁)ပွဲကစားပြီး (၉၄)ဂိုးသွင်းထားတဲ့ ချက်ထရီက တစ်ပွဲပျမ်းမျှဂိုးသွင်းနှုန်း(၀.၇၃)အထိရှိပြီး ဂိုးသွင်းနှုန်းအကောင်းဆုံးကစားသမားအဖြစ် မက်ဆီ၊ စီရော်နယ်ဒိုတို့ကို ကျော်ပြီး ရပ်တည်နေတာပါ။
ဒါကြောင့် အိန္ဒိယအသင်းမှာ တစ်ကျော့ပြန်ကစားမယ့် ချက်ထရီအနေနဲ့ အသက်(၄၀)ကျော်နေပေမယ့် စီရော်နယ်ဒိုလို ငယ်မူငယ်သွေးပြပြီး ဂိုးတွေဆက်သွင်းယူပေးမလား ... သူ့ရှေ့မှာ အာရှကစားသမားတွေထဲ နိုင်ငံတကာဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားတဲ့ အီရန်တိုက်စစ်မှူးအလီဒါယီရဲ့သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။
ချက်ထရီလို သက်ကြီးကစားသမားတစ်ဦးကို ပြန်အားကိုးနေရတာ အိန္ဒိယဘောလုံးလောကအတွက် ရင်လေးစရာဖြစ်ပေမယ့် အိန္ဒိယဘောလုံးပရိသတ်အများစုကတော့ သူတို့ချစ်တဲ့ Child Face တိုက်စစ်မှူးချက်ထရီပြန်ကစားတာကို တွေ့မြင်ရမှာဖြစ်လို့ ပျော်ရွှင်ကျေနပ်နေကြမှာ အမှန်ပါပဲ။
Discussion