ယူရိုပါလိဂ်(ဆီမီးဖိုင်နယ်)
ပထမအကျော့
ဘီလ်ဘာအို (၀-၃) မန်ယူနိုက်တက်
စပါး (၃-၁) Bodo/Glimt
မနေ့ကကစားခဲ့တဲ့ ယူရိုပါလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့ပွဲတွေမှာ အင်္ဂလန်ကလပ်အသင်း(၂)သင်းစလုံး ပြိုင်ဘက်တွေကို ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဒီရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲက All English Final လမ်းကြောင်းကို ဦးတည်လာပါတယ်။
စပိန်မြေမှာ ကစားခဲ့တဲ့ ဘီလ်ဘာအို(၀-၃)မန်ယူနိုက်တက်ပွဲမှာ မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိူဖာနန်ဒက်စ်ရဲ့ခြေစွမ်းပြမှုတွေနဲ့အတူ မန်ယူနိုက်တက်တိုက်စစ်က အကောင်းဆုံးကစားနိုင်ခဲ့ပြီး အိမ်ကွင်းဆမ်မာမီးစ်မှာ ဒီရာသီယူရိုပါလိဂ်ရှုံးပွဲမရှိတဲ့ဘီလ်ဘာအိုအသင်းကို ဂိုးပြတ်နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ပွဲချိန်(၃၅)မိနစ်မှာ မန်ယူနိုက်တက်တိုက်စစ်မှူးဟွိုင်လန်းကို ဆွဲချလို့ နောက်ခံလူဗီဗီယန်အနီကတ်ပြခံရပြီး ပယ်နယ်တီပေးခံခဲ့ရတာက ဘီလ်ဘာအိုအသင်းကို အထိနာစေခဲ့ပါတယ်။
ဒီပယ်နယ်တီမတိုင်ခင် ပွဲချိန်(၃၀)မိနစ်မှာ မန်ယူနိုက်တက်အသင်းက အူဂါတေးနဲ့ ကက်စီမီရိုတို့ နှစ်ဆင့်ခေါင်းတိုက်ပြီး အသင်းအတွက် အဖွင့်ဂိုးရရှိထားတာပါ။ ပယ်နယ်တီကို ဘရူနိုဖာနန်ဒက်စ်က ကန်သွင်းယူပြီး မန်ယူနိုက်တက်အသင်းက ဒုတိယဂိုးရခဲ့ပါတယ်။
ပွဲချိန်(၄၅)မိနစ်မှာ အူဂါတေးရဲ့ပေးပို့မှုကနေ ဘရူနိုဖာနန်ဒက်စ်က ဆွဲထွက်သွားပြီး ဂိုးသမားဘယ်ဘက်ကို ကန်သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း မန်ယူနိုက်တက်အသင်း ဂိုးသွင်းခွင့်တွေအမြောက်အများရရှိခဲ့ပြီး ဘီလ်ဘာအိုဂိုးသမားရဲ့အကြိမ်ကြိမ်ပုတ်ထုတ်ကာကွယ်မှုတွေ၊ ဂိုးတိုင်ထိ၊ ဂိုးဘားတန်းထိတာတွေသာ ဂိုးဖြစ်ခဲ့ရင် ဒီထက်ပိုဂိုးပြတ်တဲ့နိုင်ပွဲတစ်ပွဲကို မန်ယူနိုက်တက်အသင်း စပိန်မြေကနေ ယူဆောင်လာနိုင်မှာပါ။
စပါးအသင်းကလည်း ဥရောပအတွေ့အကြုံနည်းတဲ့ နော်ဝေကလပ် Bodoe/Glimt အသင်းကို ခြေစွမ်းအသာစီးနဲ့ ကစားခဲ့ပြီး တစ်ဖက်သတ်တိုက်စစ်ဆင်ကစားခဲ့ပါတယ်။
Bodoe/Glimt အသင်းအနေနဲ့ စပါးအသင်းဂိုးပေါက်ဘက်ကို (၃)ကြိမ်လောက်သာ ကန်နိုင်ခဲ့ပြီး တစ်ကြိမ်သာဂိုးပေါက်တည့်ခဲ့ပေမယ့် စပါးကတော့ ဂိုးကန်သွင်းခွင့်အကြိမ်(၂၀)ကျော်လောက်ကန်သွင်းပြီး Bodoe/Glimt ဂိုးပေါက်ကို အကြိမ်ကြိမ်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
စပါးကွင်းလယ်လူဘန်တာကာက ဒီပွဲမှာ အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး ဆိုလန်ကီ၊ ဘစ်ဆူးမား၊ ရစ်ချာလီဆန်၊ မက်ဒီဆန်တို့ ဂိုးကန်သွင်းခွင့်ရစေမယ့် ဖန်တီးမှုများစွာပြုလုပ်ခဲ့ပါတယ်။
ပွဲအစ(၁)မိနစ်မှာပဲ ရစ်ချာလီဆန်ခေါင်းတိုက်ဖန်တီးပေးတဲ့ဘောလုံးကို ဂျွန်ဆင်က အနီးကပ်ခေါင်းတိုက်ပြီး အဖွင့်ဂိုးရယူခဲ့ပါတယ်။

ပွဲချိန်(၃၄)မိနစ်မှာ မက်ဒီဆန်က ဒုတိယဂိုးသွင်းခဲ့ပြီး (၆၁)မိနစ်မှာတော့ ရိုမဲရိုးကို Bodoe/Glimt နောက်ခံလူဖျက်ထုတ်လို့ ရတဲ့ပယ်နယ်တီကို ဆိုလန်ကီက သွင်းယူခဲ့ပါတယ်။ Bodoe/Glimt အသင်းအတွက် ဂိုးကိုတော့ ပွဲချိန်(၈၃)မိနစ်မှာ ဆော်လ်နက်စ်က သွင်းယူခဲ့တာပါ။
ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲတွေကို လာမယ့် မေ(၈)ရက်နေ့မှာ ကစားသွားမှာဖြစ်ပြီး မန်ယူနိုက်တက်အသင်းရော၊ စပါးအသင်းပါ ပထမအကျော့ခြေစွမ်း၊ ရလဒ်တွေအရ ဗိုလ်လုပွဲမှာ ရင်ဆိုင်ရဖို့က ရာခိုင်နှုန်းများနေပြီဖြစ်ပါတယ်။
Discussion