လီဗာပူးလ်အသင်းကို (၁-၂)ဂိုးနဲ့ အနိုင်ရရှိကာ နယူးကာဆယ်အသင်း ကာရာဘောင်းလိဂ်ဖလားချန်ပီယံဆုရရှိအောင် ဦးဆောင်နိုင်ခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဘရူနိုဂွီမာရေ့စ်က ဒါက သူ့ဘဝအတွက် အကောင်းဆုံးနေ့ဖြစ်ခဲ့ပြီး သူဟာ အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားလို နယူးကာဆယ်အသင်းရဲ့ဂန္ထဝင်ဖြစ်ချင်တယ်လို့ ဆိုခဲ့ပါတယ်။
ဘရူနိုဂွီမာရေ့စ်ဟာ နယူးကာဆယ်အသင်း နှစ်ပေါင်း(၇၀)ကျော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အဓိကဆုဖလားကို ရယူနိုင်ခဲ့တဲ့ ဒီပွဲမှာ အသင်းခေါင်းဆောင်တစ်ဦးအဖြစ် အကောင်းဆုံးဦးဆောင်ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာပါ။
ဘရူနိုဂွီမာရေ့စ်က "ဒီနေ့ဟာ ကျွန်တော့်အတွက် အကောင်းဆုံးနေ့ဖြစ်ခဲ့ပြီး ပရိသတ်တွေအတွက်တော့ ကမ္ဘာ့ဖလားလိုပါပဲ။ ကျွန်တော်တို့ဟာ သမိုင်းကိုဖန်တီးသွားမှာပါ။ ကျွန်တော်ကလပ်ကနေ ထွက်ခွာတဲ့တစ်နေ့မှာ ပရိသတ်တွေဟာ ရှီးယားကို သူတို့လုပ်သလို ကျွန်တော့်နာမည်ကို သီချင်းလုပ်ပြီး သီဆိုစေချင်ပါတယ်"လို့ ပွဲအပြီး Sky Sports မှာဆိုခဲ့ပါတယ်။

နယူးကာဆယ်အသင်းအတွက် ပွဲပေါင်း(၄၀၅)ပွဲပါဝင်ကစားခဲ့ပြီး (၂၀၆)ဂိုးသွင်းယူခဲ့တဲ့ အလန်ရှီးယားဟာ ကာရာဘောင်းလိဂ်ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ နယူးကာဆယ်အသင်းရဲ့အောင်ပွဲအတွက် ပွဲကြည့်စင်ပေါ်မှာ ပျော်ရွှင်နေခဲ့တာပါ။ အလန်ရှီးယားဟာ နယူးကာဆယ်အသင်းကစားသမားဘဝမှာ FA ဖလားဗိုလ်လုပွဲ(၂)ကြိမ်ယှဉ်ပြိုင်ခဲ့ရပေမယ့် (၂)ကြိမ်စလုံးအရေးနိမ့်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ ကာရာဘောင်းလိဂ်ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် လာမယ့်ရာသီမှာ အနိမ့်ဆုံး ယူရိုပါကွန်းဖရန့်လိဂ် Play-offs အဆင့်ကို ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။
Discussion