အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆိုရှယ်မီဒီယာပေါ်မှာ "Alpha Male" လို့ ကိုယ့်ကိုယ်ကို တင်စားပြီး၊ Hooters စားသောက်ဆိုင်ကို အလွန်အမင်းနှစ်သက်ကြောင်း ပြသလေ့ရှိတဲ့ MAGA လိုလားသူ influencer Nick Adams (နစ်ခ်အဒမ်စ်) ကို မလေးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အမည်စာရင်းတင်သွင်းလိုက်တာကြောင့် နိုင်ငံတကာသံတမန်လောကမှာ အံ့အားသင့်မှုတွေနဲ့အတူ စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Nick Adams (နစ်ခ်အဒမ်စ်) ဆိုတာဘယ်သူလည်း ? 
ဩစတြေးလျမှာမွေးဖွားပြီး အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ နစ်ခ်အဒမ်စ်ဟာ သံတမန်ရေးရာအတွေ့အကြုံ လုံးဝမရှိဘဲ၊ ထရန့်ကို အပြည့်အဝထောက်ခံတဲ့ ပို့စ်တွေ၊ အမျိုးသမီးတွေအပေါ် အမြင်မသင့်တော်တဲ့ မှတ်ချက်တွေနဲ့ အငြင်းပွားဖွယ်ရာ "Manosphere" ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာတွေကြောင့် လူသိများသူဖြစ်ပါတယ်။ သူ့ရဲ့ X (ယခင် Twitter) အကောင့်မှာ Follower အများအပြားရှိပါတယ်။

ဘာကြောင့် စိုးရိမ်နေကြတာလဲ ? 
ဒီခန့်အပ်မှုဟာ သံတမန်ရေးရာကျွမ်းကျင်မှုထက် နိုင်ငံရေးသစ္စာစောင့်သိမှုကို ဦးစားပေးတဲ့လုပ်ရပ်ဖြစ်တယ်လို့ အာဆီယံသံတမန်တွေက သုံးသပ်ကြပါတယ်။ အထူးသဖြင့် မွတ်စလင်အများစုနေထိုင်တဲ့ မလေးရှားနိုင်ငံလိုနေရာမျိုးမှာ အစ္စလာမ်မုန်းတီးရေး မှတ်ချက်တွေပေးခဲ့ဖူးတဲ့ အဒမ်စ်လို ပုဂ္ဂိုလ်မျိုးကို သံအမတ်အဖြစ်ခန့်အပ်လိုက်တာဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။

နစ်ခ်အဒမ်စ်ကတော့ ဒီခန့်အပ်မှုကို "တစ်သက်တာအတွက် ဂုဏ်ယူစရာ" အဖြစ် လက်ခံခဲ့ပြီး၊ သူ့ရဲ့ အမေရိကန်အိပ်မက် အမှန်တကယ်ဖြစ်လာပြီလို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ ဒီခန့်အပ်မှုဟာ အမေရိကန်အထက်လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူဖို့ လိုအပ်ဦးမှာဖြစ်ပါတယ်။