အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း
မနေ့က ကစားခဲ့တဲ့ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲ(WSL-Women's Super League) ပွဲစဉ်(၂၀)မှာ မန်ယူနိုက်တက်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ(၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးအမျိုးသမီးအသင်းဟာ ဒုတိယနေရာက အာဆင်နယ်အမျိုးသမီးအသင်းကို ရမှတ်(၉)မှတ်အထိဖြတ်ထားနိုင်ခဲ့ပြီး လက်ကျန်ပွဲ(၂)ပွဲကျန်ရှိချိန်မှာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအမျိုးသမီးအသင်းဟာ အင်္ဂလန်အမျိုးသမီးဘောလုံးလောကရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲနိုင်ခဲ့တာပါ။

ချယ်လ်ဆီးအမျိုးသမီးအသင်းဟာ ဒီပြိုင်ပွဲမှာချန်ပီယံဆု(၉)ကြိမ်အထိရယူနိုင်ခဲ့တာဖြစ်ပြီး ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်တဲ့ အာဆင်နယ်အမျိုးသမီးအသင်းထက် ချန်ပီယံဆု(၆)ကြိမ်အထိ အသာရနေပါတယ်။ ၂၀၁၁ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ အာဆင်နယ်အသင်းက ချန်ပီယံ(၃)ကြိမ်၊ လီဗာပူးလ်အသင်းက ချန်ပီယံ (၂)ကြိမ်၊ မန်စီးတီးအသင်းက ချန်ပီယံ(၁)ကြိမ် ရယူထားပြီး ချန်ပီယံအသင်း(၄)သင်းသာ ထွက်ပေါ်ထားတာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းက လက်ရှိအသင်းပိုင်ရှင်တော့ဒ်ဘိုလေးနဲ့
မိတ်ဆွေရှယ်ယာရှင်တွေရဲ့လက်ထဲမှာ အောင်မြင်မှုနဲ့ဝေးနေပေမယ့် ချယ်လ်ဆီးအမျိုးသမီးအသင်းကတော့ WSL ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရရှိနေတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲက သတ်မှတ်ထားတဲ့ PSR စည်းမျဉ်းနဲ့ ကိုက်ညီဖို့အတွက် မကြာသေးမီက ချယ်လ်ဆီးအမျိုးသမီးအသင်းကို မိခင်ကုမ္ပဏီဖြစ်တဲ့ BlueCo ထံ ပေါင်သန်း(၁၉၀)နဲ့ ရောင်းချခဲ့ရာမှာ ဝေဖန်ပြစ်တင်မှုတွေရှိခဲ့ပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေနဲ့ ဒီအရောင်းအဝယ်ကို တားဆီးဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေနဲ့ စျေးကွက်တန်ဖိုးမျှတမှုရှိစေတဲ့ စည်းမျဉ်းအရ ဒီအရောင်းအဝယ်ကို အသိအမှတ်မပြုသေးကြောင်းလည်း သတင်းတွေက ဖော်ပြကြပါတယ်။